ကောလင်း  ၁၃  ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ပေါ် ၈ ရပ်ကွက်ရှိ ရေစိမ်ခေါက်ဆွဲစက်ရုံ(၁၀)ခုမှ  ထွက်ရှိသော ရေစိမ်ခေါက်ဆွဲများကို မိမိတို့ကိုယ်ပိုင်တံဆိပ် အမျိုးမျိုးဖြင့် အများအပြားထုတ်လုပ်ရောင်း ချလျက်ရှိသည်။

 

ရေစိမ်ခေါက်ဆွဲကို ကောလင်းဒေထွက် စောရှုပ်ဆန်ကို အသုံးပြု၍ အဓိကထား ထုတ်လုပ်လျက်ရှိကြသည်။

 

ရေစိမ်ခေါက်ဆွဲ ထုတ်လုပ်မှုနှင့် ပတ်သက်၍ “ဒေသထွက်စောရှုပ်ဆန်ကို ကြွေပြားခင်းရေကန်တွင် ရေစိမ်ပြီး ရေကိုစစ်ယူရပြီး ရေစိမ်ပြီးသား စောရှုပ်ဆန်ကို တစ်ကြိမ် ၄ ပြည်ဆံ့သော ဆန်ကို မြင်ကောင်ရေ (၂၂) ကောင်အားရှိ တစ်ရုတ်နိုင်ငံ ထုတ်စက်များဖြင့် မုန့်ညှစ်အိုးအသုံးပြု၍ လည်းကောင်း၊ ဆန်ဖွပ်ခုံ ဆန်ကြိတ်ခုံတို့ဖြင့်လည်းကောင်း ပြုလုပ်ပြီး ၎င်းမုန့်အနှစ်များကို  အာလိမ်ထဲထည့်ထောင်း၍ ပေါင်းအိုများဖြင့်ပေါင်းပြီး နောက်တစ်ဖန်ထောင်းထားသော မုန့်နှစ်များကို ဒလိမ့်တုံးဖြင့်လှိမ့်ကာ မုန့်ဖတ်များရရှိပါတယ်။ထို့နောက် မုန့်ဖတ်များကို အအေးခံကာ နန်းကြိတ်စက်ဖြင့် နန်းဆွဲပြီး နေပူလှန်ရပါတယ်။ ရေစိမ်ခေါက်ဆွဲသည် ဆန်ကိုအပုပ်စိမ်ရန် မလိုသည့်အတွက် ဘေးထွက်ဆိုးကျိုးကင်းတယ်” ဟု  ကောလင်းမြို့ ရေစိမ်ခေါက်ဆွဲလုပ်ကိုင်သူ ဒေါ်မိုးမိုးလွင်က ပြောပြသည်။

 

အဆိုပါ ရေစိမ်ခေါက်ဆွဲ (၂၀)ကျပ်သားပါ (၁)ထုပ်ကို လက်ကားဈေး(၄၀၀)ကျပ်၊ (၁၅) ကျပ်သားပါ(၁)ထုပ်ကို လက်ကားဈး(၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ထိုနောက် ရေစိမ်ခေါက်ဆွဲများကို ဂျပ်စက္ကူဖာဖြင့်လည်းကောင်း၊ ဆာလာအိတ်များဖြင့်လည်းကောင်း သေသပ်စွာထုတ်ပိုးပြီး ရောင်းချလျက်ရှိပြီး ရေစိမ်ခေါက်ဆွဲခြောက်များသည် နှစ်ရှည်စွာ အထားခံပြီး မှိုတက်ခြင်း၊ အာနိသင်လျော့ခြင်း မရှိသောကြောင့် ဝယ်ယူစားသုံးကြသည့်အတွက် ဈေးကွက်ကျယ်ပြန့်စွာ ရောင်းချလျက်ရှိကြောင်း သိရသည်။

 

ယခင်က ကောလင်းဒေသထွက် ရေစိမ်ခေါက်ဆွဲကို မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ဟိုပင်၊ ဇီးကုန်း၊စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ ဝန်းသိုမြို့ပေါ်နှင့် ကောလင်းမြို့ပေါ်သို့ ပို့ရပြီး ယခု ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး နောက်ပိုင်းတွင် ကာလမ်းများပိတ်ထားသဖြင့် အလုပ်ရုံနားထားရခြင်း၊ ၅ ရက်နား ၁ ရက်လည်ပတ်ရခြင်း၊ ၃ ရက်နား ၁ ရက်သာ လည်ပတ်လျက်ရှိပြီး ရထားလမ်းတစ်ခုဖြစ်တဲ့ မြစ်ကြီးနား၊ စစ်ကိုင်း၊ မန္တလေး၊ဝန်းသိုမြို့ပေါ်နှင့် ကောလင်းမြို့ပေါ်တို့သာ ပေးပို့ရသဖြင့် ယခင်ကလို တွင်တွင်ကျယ်ကျယ် မပို့ရသည့်အတွက် ရေစိမ်ခေါက်ဆွဲများ အရောင်းအဝယ်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

မြင့်ထွန်းမင်း(ကောလင်း)