မြင်းခြံ ၁၃ ဇွန် 

မြင်းခြံ-မိတ္ထီလာ စက်ဘီးစီးအဖွဲ့များမှ မြို့နှစ်မြို့ ချစ်ကြည်ရေးအဖြစ် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ တောင်သာတောင်ပေါ်သို့ စက်ဘီးစီး တက်ရောက်ခြင်းကို ယနေ့ နံနက် ၇ နာရီက ပြုလုပ်ခဲ့သည်။

 

“ယနေ့ တောင်သာတောင်ပေါ်ကို စက်ဘီးစီးတက်ရောက်တာ မြင်းခြံ-မိတ္ထီလာ မြို့နှစ်မြို့ ချစ်ကြည်ရေးအပြင် ကျန်းမာရေးအတွက် အခြားသူများပါ စက်ဘီးစီးခြင်းကို ဝါသနာ ပါလာစေရန် ရည်ရွယ်ပြီး စက်ဘီးစီးတက်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ မိတ္ထီလာကနေ စက်ဘီးတွေကို ကားနဲ့ တင်လာခဲ့တယ် တောင်ခြေရောက်မှ စစီးတယ် ခရီးက အရမ်းဝေးလို့ အချိန်ချုံ့လိုက်တာပါ တောင်သာတောင်ပေါ် စက်ဘီးစီးတက်ရတာ တော်တော်စီးလို့ ကောင်းပါတယ်၊ လမ်းအနေအထားကလည်း ဂျင်းလမ်းတစ်ဝက်၊ ကွန်ကရစ်လမ်းတစ်ဝက် လမ်းအတွေ့အကြုံလဲရတယ် တောင်ကလည်း မနိမ့်မမြင့်ဆိုတော့ တက်ရတာ အဆင်ပြေပါတယ်” လို့ မိတ္ထီလာ စက်ဘီးစီးအဖွဲ့ဥက္ကဋ္ဌ ဦးရှမ်းလေးက ပြောသည်။

 

“ကျွန်တော်တို့ကလည်း မိတ္ထီလာ စက်ဘီးစီး ပွဲတိုင်းလိုက်ပါတယ် တောင်သာတောင်ပေါ် စက်ဘီးစီး တက်ရခြင်းမှာ ကျွန်တော်တို့နယ်မှာ စက်ဘီးစီးတက်လို့ရတဲ့တောင် ရှားတယ်။ မန္တလေးမှာဆိုရင် ရန်ကင်းတောင်၊ ရေတံခွန်တောင်၊ မန္တလေးတောင်တွေ ရှိတယ်။ ကျွန်တော် စက်ဘီးစီးရှာရင်းနဲ့ တောင်သာတောင်ပေါ်တက်ရင်းနဲ့ ကိုယ့်အသင်းလည်း စက်ဘီးစီးတက်ရတာ အဆင်ပြေ သူတို့အသင်းလည်း စက်ဘီးစီးတက်ရတာ အဆင်ပြေမယ်ထင်လို့ မိတ္ထီလာ စက်ဘီးစီးအဖွဲ့ကို မိတ်ဆက်လိုက်တာ သူတို့ကလည်း တက်မယ်ပြောတာနဲ့ ကျွန်တော်တို့ စုပေါင်းတက်ဖြစ်ကြတာပါ။ စက်ဘီးစီး ကျန်းမာရေးဟာ အလွန်ကောင်းပါတယ်။ မြင်းခြံစက်ဘီးစီးအဖွဲ့အနေနဲ့ မျိုးဆက်သစ်လူငယ်တွေ ဝါသနာ ပါလာအောင် စက်ဘီးစီးပြိုင်ပွဲတွေ၊  လူထုစက်ဘီးစီးပွဲတွေကို လုပ်ဆောင်ဖို့ရှိပါတယ်။ ကလေး တွေအနေနဲ့လည်း စက်ဘီးစီးဝါသနာ ပါလာရင် မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေ ကင်းရှင်း မယ့်အပြင် ဒေသန္တရ ဗဟုသုတ တွေလဲ ရရှိလာပါမယ်။ ကျွန်တော်ဆို တောင်သာတောင်ပေါ်ကို စက်ဘီးစီးတက်တာ ယခုနဲ့ဆို ၈ ကြိမ်မြောက်ရှိပါပြီ” လို့ မြင်းခြံစက်ဘီးစီးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း ကပြောသည်။

           

အဆိုပါ တောင်သာတောင် စက်ဘီးစီးတက်ခြင်းကို မြင်းခြံစက်ဘီးစီးအဖွဲ့မှ စက်ဘီးစီးနင်းသူ အမျိုးသား ၃၆ ဦး၊ မိတ္ထီလာ စက်ဘီးစီးအဖွဲ့မှ စက်ဘီးစီးနင်းသူ အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၆၁ ဦးဖြင့် တက်ရောက်ခဲ့သည်။ တောင်ပေါ်မှ ပြန်ဆင်းလာချိန်တွင် မိတ္ထီလာ စက်ဘီးစီးအသင်းသည် မြင်းခြံစက်ဘီးအသင်းနှင့်အတူ မြင်းခြံမြို့သို့ စက်ဘီးစီးကာ လိုက်ပါခဲ့ပြီး မြို့နှစ်မြို့ ချစ်ကြည်ရေးအဖြစ် စက်ဘီးစီးခြင်း ပြီးမြောက်ခဲ့ကြောင်း သိရှိ ရသည်။                                                                          

ကျော်စွာ(မြင်းခြံ)