မြိတ် ၁၃ ဇွန်

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကွန်ပျူတာတက္ကသိုလ်(မြိတ်) နှင့် မြိတ်တက္ကသိုလ် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းတို့ရှိ နေရပ်ပြန် ၁၀၈ ဦးအား ကိုဗစ်-၁၉ ရောဂါပိုးမရှိ၍ ဇွန် ၁၃ ရက် နေ့လယ်ပိုင်းက ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ နေရပ်ပြန်များအား နေရပ်အသီးသီးသို့ မော်တော်ယာဉ်(၆)စီးဖြင့် စီစဉ်ပို့ဆောင်ပေးခဲ့ကြသည်။

 

အဆိုပါနေရပ်ပြန်များမှာ ထိုင်းနိုင်ငံ ရနောင်းနယ်စပ်မှ ကော့သောင်းမြို့သို့ ရောက်ရှိလာကြပြီး မြိတ်မြို့သို့ ဇွန် ၆ ရက်၌ ရောက်ရှိလာကြကာ နေရပ်ပြန်များတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိကို ကျန်းမာရေးဝန်ထမ်းများက ဇွန် ၈ ရက်က ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပို့ဆောင်စစ်ဆေးခဲ့ရာ နေရပ်ပြန်အားလုံးကို ရောဂါပိုးမတွေ့ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

နေရပ်ပြန်များကို ၎င်းတို့နေရပ်အား စိတ်အေးချမ်းသာစွာ ပြန်နိုင်ရေးအတွက် နေ့လယ်စာကျွေးမွေးပြီး မော်တော်ယာဉ်(၆)စီးဖြင့် စနစ်တကျပြန်နိုင်ရန် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ကွန်ပျူတာတက္ကသိုလ်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းမှ နေရပ်အသီးသီးသို့ပြန်ကြမည့် ပုလောမြို့မှ (၈)ဦးအား မော်တော်ယာဉ်(၁)စီး၊ ထားဝယ်မြို့မှ (၅၉)ဦးအား မော်တော်ယာဉ်(၄)စီးနှင့် မော်လမြိုင်မှ (၄၁)ဦးအား မော်တော်ယာဉ်ကြီး(၁)စီး စုစုပေါင်း(၆)စီးကို လုံခြုံရေးယာဉ်တန်းဖြင့် ပို့ဆောင်ပေးခဲ့သည်။

 

နေရပ်ပြန်များအား ကွန်ပျူတာတက္ကသိုလ်(မြိတ်) အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းမှ နေရပ်အသီးသီးသို့ ပြန်ကြရာ၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်း၊ ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက နှုတ်ဆက်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)