နေပြည်တော် ၁၃ ဇွန် 

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်၊ အဆောက်အဦ၊ လမ်း၊ တံတားနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင်မှ Video Conferencing ဖြင့် ချိတ်ဆက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြအိမ်ရာကဏ္ဍနှင့် ကျေးလက်လမ်း/ တံတားများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တိုးတက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

 

ရှေးဦးစွာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသူရဇော်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ဆောင်ရွက်လျက်ရှိသော လမ်း၊ တံတားများ၊ ခရိုင်(၄)ဖွဲ့နှင့် အထူးအဖွဲ့(၁)ဖွဲ့တို့ဖြင့် ဆောင်ရွက်နေသည့် မိထ္တီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ်လမ်း၊ နမ့်စန်- မိုးနဲ- တာဆန်း- မိုင်းတုံ- မိုင်းဆတ်လမ်း၊ မိုင်းဆတ် - တာချီလိတ် လမ်း၊ မိုင်းပျဉ်း- မက်မန်းလမ်း၊ ကျိုင်းတုံ- မိုင်းခွန်- မိုင်းခုတ်လမ်း၊ ကျိုင်းတုံ လေယာဉ်ကွင်းလမ်း၊ တာချီလိတ်မြို့ရှောင်လမ်းနှင့် တာလေမြို့ရှောင်လမ်း လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ (၄)နှစ်တာ ကာလအတွင်း လမ်း၊ တံတား တိုးတက်မှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး လုပ်ငန်းတိုးတက်မှုတို့ကို Video Clip ဖြင့် ပြသသည်။

 

ထို့နောက် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၂) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးသန့်ဇင်က ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော တံတားများဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် တံတားစီမံကိန်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တံတားတည်ဆောက်ရေး လုပ်ငန်းများ လက်ရှိဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို Video Clip ဖြင့်ပြသသည်။

 

ယင်းနောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဝင်းရှိန်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လမ်းအဆင့် အတန်းအလိုက် ဦးစားပေးဆောင်ရွက်ထားရှိမှု၊ Pilot Project ဖြင့် ဆောင်ရွက်သော လုပ်ငန်းများ၊ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု(ငွေလုံး/ပြင်ထိန်း)၊ ပြည်နယ်(ငွေလုံး/ပြင်ထိန်း) ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လမ်း/တံတားလုပ်ငန်းများ၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ငွေလုံး/ပြင်ထိန်း)၊ ပြည်နယ်(ငွေလုံး/ပြင်ထိန်း)ဖြင့် ဆောင်ရွက်သော လမ်း၊ တံတားလုပ်ငန်း ဆောင်ရွက်ချက်များနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ကျေးလက်လမ်း/တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို Video Clip ဖြင့်ပြသသည်။

 

ယင်းနောက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး   ဦးတင်ထွန်းအောင်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း ဆောင်ရွက်လျက်ရှိသော မြို့ပြအိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ရှမ်းပြည်နယ် (မြောက်ပိုင်း) လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးကျော်ကျော်ဝင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လမ်း (၉၄)လမ်း (၃၁၅၈) မိုင်ကျော်ရှိရာ ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း (၁၄) လမ်း (၈၃၅)မိုင်ကျော် ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်း (၈၀)မှ (၂၃၂၃) မိုင်ကျော်အား ဒေသအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတိုးတက်မှုနှင့် လမ်းတံတားများအခြေအနေကို ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ လမ်း၊ တံတား လုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေတို့ကို Video Clip ဖြင့်ပြသသည်။

 

ထို့နောက် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၄)မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)၊ ဦးမြင့်နိုင်ဦးက ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ)      ဦးကျော်ဇေယျာဝင်းက  Pilot Project  ဖြင့် ဆောင်ရွက်လျက်ရှိသော ကျောက်မဲမြို့နယ် ကျွဲကုန်း - နားပြိန်း - နောင်ကွမ် - ပုံဝိုးလမ်း၊ သိန္နီမြို့နယ် နောင်ဆိုင် - မိုင်ပါး - ကောင်းအိုင်လမ်း၊ နောင်ချိုမြို့နယ် နောင်ချို - ရွှေပြည်ညွန့် - ကုန်းစံ - ဂုတ်ထိပ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု(ငွေလုံး/ပြင်ထိန်း)၊ ပြည်နယ်(ငွေလုံး/ပြင်ထိန်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သော လမ်း၊ တံတားလုပ်ငန်း ဆောင်ရွက်ချက်များနှင့် တိုးတက်မှုအခြေအနေတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း ကျေးလက်လမ်း / တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေတို့ကို Video Clip ဖြင့် ပြသသည်။

 

ယင်းနောက် ရှမ်းပြည်နယ်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ရှမ်းပြည်နယ်အတွင်းရှိ အိမ်ရာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍လည်းကောင်း၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၆)မှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်အေးခိုင်မွန်က ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အလိုက်   ဆောင်ရွက်လျက်ရှိသော  အဆောက်အဦစီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား မြို့ပြအိမ်ရာကဏ္ဍနှင့် ကျေးလက်လမ်း / တံတားများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွန်းများ ပြည့်မီရန်နှင့် အရည်အသွေးကောင်းမွန်ရန် လိုပါကြောင်း၊ လမ်း / တံတားများ တိုးတက်ကောင်းမွန်လာသည်နှင့်အညီ ကုန်စည်စီးဆင်းမှုများ သွက်လက်မြန်ဆန်လာမှာ ဖြစ်ပါကြောင်း၊ ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ဆောင်ရွက်ပေးလျက်ရှိသလို တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နေစဉ် အန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့လာနိုင်သည်ကိုလည်း အထူးဂရုပြုရန်လိုပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အမြဲမပြတ် ကြီးကြပ်ဆောင်ရွက်ပေးစေလိုကြောင်း မှာကြားသည်။

 

သတင်းစဉ်