နေပြည်တော် ၁၃ ဇွန်

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသော ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

 

ပြည်‌ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ မင်းကုန်းအုပ်စု၊ မအူလေးပင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ သရက်တောအုပ်စု၊ ပိုးစာတောကျေးရွာရှိ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ မသိမ်ကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ တောင်ညိုအုပ်စု၊ တောင်ညို ကျေးရွာရဲစခန်းတံတားအနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် ဒက္ခိဏသီရိမြို့နယ်၊ ကျားကူးချောင်း၊ ရွှေကြာပင်လမ်းမှ မဲဒီးကျေးရွာအောက်ပိုင်း ကျားကူးချောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတို့အားကွင်း ဆင်းစစ်ဆေးပြီး သက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြရန်နှင့် အချိန်မီပြီးစီးရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဥတ္တရသီရိခရိုင်နှင့် ဒက္ခိဏသီရိခရိုင်အတွင်းတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းပေါင်း (၁၄)ခုအား နေပြည်တော်ကောင်စီ၏ ရန်ပုံငွေကျပ် ၁၉၀၅ ဒသမ ၅၆၇ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက ဆောင်ရွက်လျက်ရှိပြီး ဇွန်လကုန်တွင် လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်