နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၁၃) ရက်
ယခုအချိန်၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ပါဝင် ဦးဆောင်မှု၊ အုပ်ချုပ်မှုဆိုင်ရာအဖွဲ့အစည်းများ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့ပေါင်းစုံ၊ အလှူရှင်များနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့် COVID-19 ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်သော်လည်း လုံးဝမပေါ့ဆကြပါရန် အထူးအရေးကြီးပါသည်။
ယခုအခါတွင် နေအိမ်တွင်သာနေထိုင်စေရေး (stay-at-home) အစီအစဉ် တွင် အကျုံးဝင်သောမြို့နယ်များကို လျှော့ချခြင်း၊ လူ (၅) ဦးဖြစ်စေ၊ လူ (၅) ဦးထက် ပို၍ဖြစ်စေ စုဝေးခြင်းမပြုရအမိန့်နှင့် အခြားကန့်သတ်ထိန်းချုပ်များကို တစ်ဆင့်ပြီး တစ်ဆင့်ဖြေလျှော့ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
COVID-19 ကပ်ရောဂါ ဖြစ်စဉ်၏ ယခုအဆင့်အခြေအနေ၌ ပြည်သူများ၏ တက်ကြွစွာပါဝင်မှု၊ ရပ်ကွက်များအတွင်း၌ ဦးဆောင်မှုနှင့် ကူညီပံ့ပိုးမှုများသည် အရေးအကြီးဆုံး ဖြစ်လာပါသည်။
ပြည်သူများအနေဖြင့် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ရေး လုပ်ငန်းကို မိမိ၏ အရေး၊ မိမိ၏ မိသားစုနှင့် နိုင်ငံသားအားလုံး၏ အရေးကိစ္စဟု သဘောထားယူဆကာ ပြုမူကျင့်ကြံဆောင်ရွက်ကြပါက ဤ COVID-19 ရောဂါကို အမြန်ဆုံး ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။
သို့မှသာ စီးပွားရေးလုပ်ငန်းများ၊ လူမှုရေးနှင့် ဘာသာရေးကိစ္စရပ်များ အစရှိသည့် များပြားလှသည့် လုပ်ဆောင်ရန်ကိစ္စရပ်များကို မူလပုံမှန် အရှိန်အဟုန်အတိုင်း ပြန်လည် စတင်နိုင်မည် ဖြစ်ပါသည်။
မိမိတို့ မြန်မာနိုင်ငံတွင် (၁၈-၅-၂၀၂၀) ရက်နေ့မှ (၁၃-၆-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းအထိ တွေ့ရှိရသည့် ဓာတ်ခွဲအတည်ပြုလူနာ (၇၄) ဦးအနက် (၇၁) ဦးမှာ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာကြသူများ ဖြစ်ကြပါသည်။ အဆိုပါ (၇၁) ဦးအနက် (၄၅) ဦးမှာ အိန္ဒိယနိုင်ငံမှ ပြန်လာကြသူများ ဖြစ်ပါသည်။ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် အသွားအလာကန့်သတ်ထားရှိရာ (quarantine site) နေရာများ တွင် ပြည်ပနိုင်ငံများမှ ပြန်လာပြီး ရောဂါပိုးတွေ့ရသူနှင့် ရောဂါပိုးရှိနေနိုင်သူများထံမှ တစ်ဆင့် ထပ်မံရောဂါပြန့်ပွား ကူးစက်မှုမရှိစေရေးကို အလေးထား၍ ဆောင်ရွက်လျက် ရှိပါသည်။
လက်ရှိ၌ COVID-19 ရောဂါပြန့်ပွားမှု အခြေအနေဆိုးဝါးလျက်ရှိသော နိုင်ငံများ၏ အလွန်များပြားစွာ ရောဂါပျံ့နှံ့ဖြစ်ပွားနေမှုနှင့် သေဆုံးနေမှု အဖြစ်အပျက်သာဓကများကို နောက်ခံထားကာ မိမိတို့နိုင်ငံတွင် ရောဂါထိန်းချုပ်မှု လုပ်ငန်းများကို အကောင်းဆုံးနှင့် အထိရောက်ဆုံးဖြစ်စေရန် ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပြောကြားခဲ့သည့် "ပြည်သူသာလျှင်အဓိက" ဆိုသည်နှင့်အညီ ပြည်သူများ၏ တက်ကြွစွာပါဝင် ပူးပေါင်းဆောင်ရွက်မှုများဖြင့်သာလျှင် မိမိတို့အနေဖြင့် ဤ COVID-19 ကို အချိန်တိုအတွင်း အောင်မြင်စွာ ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။
ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
#Ministry_of_Health_and_Sports, #MoHS, #COVID19, #ကိုရိုနာဗိုင်းရပ်စ်, #UnionMinisters_Message


