မန္တလေး ၁၃ ဇွန်
ကိုဗစ်-၁၉ လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များပေးအပ်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များ ပံ့ပိုးခြင်းနှင့် သတ်မှတ်နေရာ အဆောက်အဦများတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine Center) များတွင်ရှိသော ကိုယ်ဝန်ဆောင်များ၊ အသက်(၅)နှစ်အောက် ကလေးများ၊ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက မုံရွာမြို့၊ နန္ဒဝန်ဝန်ထမ်းအိမ်ရာနှင့် ဒေါနခြံတို့၌ ဆောင်ရွက်သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နန္ဒဝန် ဝန်ထမ်းအိမ်ရာနှင့် ဒေါနခြံတို့၌ Quarantine Center အဖြစ် ဖွင့်လှစ်ထားသည့် နေရာများသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက အသွားအလာကန့်သတ် ထားရှိသူများအား ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံသို့လည်းကောင်း၊ စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်း ကိုယ်စားလှယ်တို့ထံလည်းကောင်း ပေးအပ်သည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အဆိုပါ အသွားအလာကန့်သတ်ထားသော နေရာတွင်ရှိသည့် ကိုယ်ဝန်ဆောင်မိခင် (၃၅)ဦး၊ အသက်(၅)နှစ်အောက် ကလေး (၃၀)နှင့် အသက်(၆၀)အထက် သက်ကြီးရွယ်အို (၂)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်(၃)သောင်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၀၁၀၀၀ဝ ကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စခန်းတာဝန်ခံ တစ်ဦးထံသို့ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေး ဇီဝိတဒါန သံဃာ့ဆေးရုံရှိ Quarantine Center အဖြစ် ဖွင့်လှစ်ထားသည့်နေရာသို့ ရောက်ရှိပြီး ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ အစည်းများအတွက် အသိအမှတ်ပြု ဂုဏ်ပြုလွှာများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးထံသို့လည်းကောင်း၊ စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်း ကိုယ်စားလှယ်တို့ထံသို့ လည်းကောင်း ပေးအပ်သည်။
ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အဆိုပါ အသွားအလာကန့်သတ်ထားသော နေရာရှိ ကိုယ်ဝန်ဆောင်မိခင် (၇၂)ဦး၊ အသက်(၅)နှစ်အောက် ကလေး (၇၆)ဦးနှင့် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အို (၁၆)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်(၃)သောင်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၄၉၂၀၀၀ဝ ကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စခန်းတာဝန်ခံတစ်ဦးထံသို့ ပေးအပ်သည်။
ယနေ့ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း ၄၅၄၁ ဦး၊ ပရဟိတအဖွဲ့ (၂၈၆) ဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်း ၅၄၉၄ ဦး၊ ပရဟိတအဖွဲ့ (၅၁၁) ဖွဲ့တို့အတွက် ပေးအပ်ခဲ့သည့် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာများကို သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်၍ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ လက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ပြီး စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ စာရင်းကျန်ရှိခြင်းများ ရှိပါကလည်း ဂုဏ်ပြုခြင်းများ ထပ်မံဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် စေတနာ့ဝန်ထမ်း ရင်ထိုးတံဆိပ်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများ၏ စိစစ်မှုဖြင့် ဆက်လက်ဂုဏ်ပြုပေးအပ်သွားမည် ဖြစ်သည်။
ယနေ့ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုလွှာများ၊ စေတနာ့ဝန်ထမ်းရင်ထိုး တံဆိပ်များ ပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှုမရှိစေရန် လိုက်နာရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


