မုံရွာ ၁၃ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးနှင့်အတူ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် ၁၀ နာရီက အရာတော်နှင့် ဝက်လက်မြို့နယ်တို့ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပြန့်ပွားရေး စင်တာများနှင့် ရွှေဘိုမြို့နယ် မျိုးစေ့သန့်စင်စက်တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့သည် အရာတော်မြို့နယ် ဝါးတန်းနည်းပညာ ပြန့်ပွားရေးစင်တာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ ဝါးတန်းနည်းပညာပြန့်ပွားရေး စင်တာအတွင်းတွင် အိမ်တွင်းဥယျာဉ်အဖြစ် စိုက်ပျိုးထားသော သီးပင်စားပင်မျိုးစုံတို့အား ကြည့်ရှုအားပေး၍ အပူပိုင်းဒေသအတွင်း ပေါက်ရောက်ရှင်သန်လျက်ရှိသော ထန်း၊ တမာ စသည့် ကြီးမြန်လေကာပင်များလည်း စိုက်ပျိုးထားရှိသွားရန် မှာကြားခဲ့သည်။
အလားတူ ဝက်လက်မြို့နယ် လှတောကျေးရွာနှင့် စိုင်နိုင်ကြီးကျေးရွာ နည်းပညာပေးစင်တာများရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးမှူးများ၏ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် စိုင်နိုင်ကြီးကျေးရွာ မျိုးစေ့သိုလှောင်ရုံ တည်ဆောက်ပြီးစီးမှု အခြေအနေအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး အမှတ်တရသစ်ပင် စိုက်ပျိုးပွဲတော်ကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ညောင်ပင်ကို စိုက်ပျိုးပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ရွှေဘိုမြို့နယ် တဂဏန်းကျေးရွာ မျိုးစေ့သန့်စင်စက် လက်တွေ့အသုံးပြုနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)


