နေပြည်တော် ၁၃ ဇွန်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ယမန်နေ့ ညနေပိုင်းတွင် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသို့ ရောက်ရှိပြီး ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပုဂံဒေသအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများ လုံခြုံရေးနှင့် ကာကွယ်စောင့်ရှောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက် ၁၀ နာရီတွင် ပုဂံရှေးဟောင်း သုတေသနပြတိုက် အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားရာ၌ ပြည်ထောင်စု အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများ၊ ပညာရှင်များ၊ ပရဟိတအဖွဲ့အစည်းများ၊ ဒေသခံများအားလုံး၏ ပူးပေါင်းကြိုးစားမှုကြောင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသတစ်ခုဖြစ်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ပုဂံဒေသကာကွယ် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ကမ္ဘာ့အမွေအနှစ်ကော်မတီ (WHC) က အကြံပြုချက်(၁၈)ချက်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြန်လည်တင်ပြနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ပြီးနောက် တစ်နှစ်မပြည့်မီကာလအတွင်း ပုဂံယဉ်ကျေးမှုအမွေ အနှစ်ဒေသအတွင်း ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့် တိုးချဲ့ခေတ်သစ် အဆောက်အဦ တည်ဆောက်ခြင်း၊ စက်ယန္တရားကြီးများ အသုံးပြု၍ မြေတူးဖော်ခြင်း၊ ဘူဒိုဇာအသုံးပြု၍ မြေတူးဖော်ခြင်း၊ ကွန်တိန်နာမြှုပ်ခြင်း၊ မြေကျင်းတူးဖော်ခြင်း၊ ရှေးဟောင်းအမွေအနှစ်များတည်ရှိရာ လမ်းမ၊ လမ်းသွယ်များပေါ်တွင် တန်ချိန်မြင့် အုတ် သဲကျောက် ဘိလပ်မြေကားကြီးများနှင့် အခြားတန်ချိန်မြင့် ကားကြီးများ ဖြတ်သန်းမောင်းနှင်နေခြင်းတို့ကို ဒေသခံအချို့က တင်ပြထားခြင်းရှိပါကြောင်း။
ပုဂံမြို့သစ်၊ သီရိပစ္စယာတွင် ခြံစည်းရိုးအုတ်နံရံ တံတိုင်းတည်ဆောက်ခြင်း၊ လူသွားလမ်းခင်းခြင်း၊ အမွေအနှစ် နေရာအားခြံစည်း ရိုးခတ်ခြင်း စသည့် သတင်းအချက်အလက် အချို့ကို ယူနက်စကိုက ဝန်ကြီးဌာနသို့ ညှိနှိုင်းအကြောင်းကြားသဖြင့် စိစစ်ဆောင်ရွက် ပေးနေမှုလည်းရှိပါကြောင်း၊ ယခုလည်း လူမှုကွန်ရက်နှင့် သတင်းမီဒီယာအချို့တွင် ပုဂံရှိ ဘုရားအဆူ (၅၀) ခန့် ဖောက်ထွင်းခံရသည် စသည်ဖြင့် ဖော်ပြနေကြ၍ အကြီးအကဲများနှင့် ပြည်သူများ စိုးရိမ်ပူပန်မှုကို ကြားသိရပါကြောင်း၊ အမှန်စင်စစ်မှာ စုစုပေါင်း ဘုရား (၃၃)ဆူမှာ ဌာပနာတိုက်ဖောက်ထွင်းခံရသည်ဟု သံသယဖြစ်ရပြီး အမှန်စင်စစ် (၁၂)ဆူတွင် ဌာပနာ ဖောက်ထွင်းခံထားရသည်ကို တွေ့ရှိရပါကြောင်း၊ ကျန်(၂၁)ဆူသည် စေတီပုထိုးများကို အသစ်ပြုပြင်မွမ်းမံခဲ့စဉ်က အလှူရှင်များ ဌာပနာရန်အတွက် အထက်ဌာပနာပေါက်အဖြစ် ၁ ပေ ပတ်လည်ခန့် ချန်ထားခြင်း ဖြစ်ပါကြောင်း။
ဇွန် ၉ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် လောကထိပ်ပန် ဘုရားအဝင်မုခ်ဦးအတွင်း သံပန်းတံခါးတွင် တပ်ဆင်ထားသော ဝါးယင်းလိပ် မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါကြောင်း၊ အဆိုပါ ဖြစ်စဉ်သည် မသမာသူတစ်ချို့က ထင်းရှူးဆီ အသုံးပြု၍ မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရပါကြောင်း၊ အဆိုပါဖြစ်စဉ်များသည် ပုဂံဒေသအတွင်း မပြီးစီးသေးဘဲ လက်ရှိရေးဆွဲ နေဆဲဖြစ်သည့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး မဟာဗျူဟာ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ၊ ခရီးသွားလုပ်ငန်း မဟာဗျူဟာ၊ မြို့ပြနှင့်ဒေသဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်၊ ဒေသခံ ပြည်သူများအကျိုးစီးပွားနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် ရေးဆွဲလျက်ရှိသည့် မဟာဗျူဟာများ အတွက်ပါ အနှောင့်အယှက်များ ဖြစ်ပေါ်ရုံသာမက ယဉ်ကျေးမှုအမွေအနှစ်များကိုပါ ထိခိုက်လာနိုင်ပါကြောင်း၊ အလားတူနှစ်စဉ် ဇွန်၊ ဇူလိုင်လများတွင် ပြုလုပ်နေကျဖြစ်သည့် ကမ္ဘာ့အမွေအနှစ် ညီလာခံတွင် ယခုကဲ့သို့ ပုဂံဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်မှုနှင့် လုံခြုံရေးကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးလာနိုင်သည်အထိ သက်ရောက်မှုရှိလာနိုင်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေး၊ ဒေသခံများ လုပ်ကိုင်စားသောက်မှုများအပြင် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေး အတွက်ပါ သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး ကော်မတီဝင်များ၊ ပုဂံဧည့်လမ်းညွှန်အသင်း၊ ဌာနဆိုင်ရာများ၊ ဒေသခံလူမှုရေးအသင်းအဖွဲ့များမှ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ ကာကွယ်ထိန်းသိမ်းရေးနှင့် လုံခြုံရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ပုဂံဒေသတွင် ရှေးဟောင်းစေတီပုထိုးပေါင်း (၃၈၂၂)ဆူရှိသည့်အနက် ကိုဗစ်-၁၉ ကြောင့် ရောဂါကူးစက်မှုမရှိစေရန် Stay at Home နေထိုင်ကြစဉ်ကာလအတွင်း ဤသို့ စေတီပုထိုး (၁၂) ဆူ၏ ဌာပနာများ ဖောက်ထွင်းခိုးယူခံရသည့်ဖြစ်စဉ်ကို ပုဂံကဲ့သို့သော ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ဒေသများအတွင်း ထပ်မံမဖြစ်ပွားစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အား တိုးချဲ့ကင်းလှည့်ခြင်း၊ ဒေသခံများနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ လုံခြုံရေးအင်အားများ ပူးပေါင်းစစ်ဆေးခြင်း၊ ကင်းလှည့်ခြင်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ရေရှည်အတွက် အစောင့်လုံခြုံရေးဝန်ထမ်းများ တိုးချဲ့ခန့်ထားရန်၊ CCTV ကဲ့သို့သော စောင့်ကြည့်ကိရိယာများ တပ်ဆင်ရန်၊ ယဉ်ကျေးမှုတန်ဖိုးကြီးသော ရှေးဟောင်းစေတီပုထိုးများ အားအဆင့် ခွဲခြားသတ်မှတ်၍ ကန့်သတ်စိစစ်ကြည့်ရှု ခွင့်ပြုရန်အပါအဝင် ပုဂံယဉ်ကျေးမှုအမွေအနှစ် ရေရှည်ထိန်းသိမ်းရေး၊ ကာကွယ်စောင့်ရှောက်ရေးအစီအမံများ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံများ လူမှုစီးပွား ဘဝမြှင့်တင်မှုဆောင်ရွက်ခြင်းဖြင့် ဒေသခံများ၏ ပူးပေါင်းကူညီဆောင်ရွက်မှု၊ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်မှုကိုလည်း ရေရှည်အစီအမံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖောက်ထွင်းခိုးယူသည့်ကိစ္စကိုလည်း တာဝန်ရှိသူများက စုံစမ်းဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ Website နှင့် လူမှုကွန်ရက်စာမျက်နှာများတွင် အသေးစိတ်ဖော်ပြထားရှိရာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်


