ဆိပ်ဖြူ ၁၄ ဇွန်
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှ ၂၀၂ဝ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအား ပြည်သူများ သိရှိလိုက်နာနိုင်ရန် အသိပညာပေးခြင်းကို ဇွန် ၁၄ ရက် နံနက်က ဆိပ်ဖြူမြို့ အနော်ရထာတံတားထိပ်နှင့် ဗိုလ်ချုပ်လမ်း ပတ္တမြားဈေးအနီးတို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းမှာ ဒေသခံပြည်သူအများ၊ ခရီးသွားပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေကို သိရှိလိုက်ခြင်းအားနည်း၍ ဥပဒေအရ အရေးယူဆောင်ရွက်သည့်အခါ နစ်နာမှုမရှိစေရန် ကြိုတင်အသိပညာပေးခြင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါသိပညာပေးခြင်းကို မြို့နယ်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဘိုဘိုထွဋ် ဦးဆောင်၍ ဆိပ်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး သူရမင်းနှင့် ရဲတပ်ဖွဲ့ဝင်များက ၂၀၂ဝ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ သိရှိလိုက်နာရန် အချက်များနှင့် စည်းကမ်းလိုက်နာမှုအားနည်းပြီး ချိုးဖောက်ကျူးလွန်မိပါက အရေးယူဆောင်ရွက်မည့် ပြစ်ဒဏ်များ စသည်တို့ကို အသိပညာပေး ရှင်းလင်းပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ ၂၀၂ဝ ပြည့်နှစ် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၏ ထူးခြားသည့်အချက်မှာ ဆိုင်ကယ်စီးနင်းသူများအနေဖြင့် နေ့/ည ဆိုင်ကယ်မီး ဖွင့်မောင်းနှင်ရခြင်းဖြစ်ပြီး ထိုအချက်ကို သိရှိလိုက်နာရန် အလေးထား အသိပညာပေးဆောင်ရွက်နေကြောင်း ဆိပ်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး သူရမင်းက ပြောသည်။
ကိုဇွဲ(အညာမြေ)


