မန္တလေး ၁၄ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပန်းလောင်မြစ်ကမ်းဘေးမှ တဘက်စွဲကျေးရွာတွင် ကမ်းပြိုမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ (၈၃)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုငွေ ကျပ်သန်း (၃၀၆) ဖြင့် ဖေဖော်ဝါရီ ၁၄ ရက်က စတင်၍ ရွှေခေတ်သစ်ကုမ္ပဏီမှ အလျား ပေ (၉၁၀) တွင် RC ကွန်ကရစ်တိုင်အခြေပြု ကွန်ကရစ်ပြားကပ်တမံဖြင့် ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လလယ်ခန့်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် တိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်၊ ဒုဋ္ဌဝတီမြစ်၊ ပန်းလောင်မြစ်၊ ဇော်ဂျီမြစ် စသည့် ကမ်းပါးကမ်းနားမှ ကျေးရွာများတွင် ရေတိုက်စား ကမ်းပြိုမှုများကို လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံများတင်ပြလာမှုအပေါ် ကွင်းဆင်းစစ်ဆေးပြီး တိုင်းဒေသကြီး အစိုးရထံ ဘတ်ဂျက်တောင်းခံကာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
သန်းဇော်မင်း(ပြန်/ဆက်)


