မိုင်းယောင်း ၁၄ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်မှ ဒေသခံအချို့သည် ဒေသထွက် ကြာဖူးကြာပန်းများကို တစ်ပိုင်တစ်နိုင် ဝယ်ယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေနေကြကြောင်း သိရသည်။
“ကြာဖူးကြာပန်းက တစ်နှစ်မှာ တစ်ခါပွင့်ဖူးတာပါ။ အခု ကျွန်မတို့ရောင်းတဲ့ ကြာဖူးကြာပန်းက မိုင်းယောင်းဒေသကထွက်တဲ့ ကြာဖူးကြာပန်းဖြစ်ပါတယ်။ စပါးစိုက်ရာသီမှာ မိသားစု အပိုဝင်ငွေရရှိအောင် တစ်ပိုင်တစ်နိုင်ဝယ်ယူပြီး အခုလို မြို့တွင်းလှည့်လည် ရောင်းချနေတာပါ။ ကြာဖူးငါးဖူးပါ တစ်စည်းလျှင် ကျပ် ၅၀ဝ နဲ့ ကြာဖူးက ကြီးရင် လေးဖူး ၅၀ဝ ကျပ် ရောင်းချပါတယ်။ တစ်ရက်ကို ကြာဖူးကြာပန်းရောင်းရတဲ့ အမြတ်ငွေက ကျပ်ငါးသောင်းခန့် ရရှိပါတယ်”ဟု တစ်ပိုင်တစ်နိုင် ကြာဖူးကြာပန်း ဝယ်ယူရောင်းချသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
မိုင်းယောင်းတွင် ကြာဖူးကြာပန်းများကို ဘုရားပန်းကပ်ရန်၊ ကြာစေ့ကို ရာသီစာအဖြစ် စားသုံးရန် ဝယ်ယူသူပိုများလာပြီး အထူးသဖြင့် ကြာစေ့ကို လူငယ်များ ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံးကြသည့်အတွက် ကြာဖူးကြာပန်း အရောင်းအဝယ်လုပ်ငန်းမှာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)


