ပဲခူး ၁၄ ဇွန်

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ဇွန် ၁၃ ရက် နံနက် ၇ နာရီခွဲက တောင်ငူခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးထက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်အတွင်း ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့ရှိ သမိုင်းဝင်နေရာများဖြစ်သည့် ယိုးဒယားပေါက်မှ ဘုရင့်နောင်ရုပ်ထုအထိ ကျုံးပတ်လမ်းများ ဖော်ဆောင်နေမှု၊ ကျုံးအတွင်းဒိုက်များ၊ အမှိုက်များ ဆယ်ယူရှင်းလင်း ဆောင်ရွက်ထားရှိမှု၊ မြို့ဟောင်းကျုံးများ ပြန်လည်တူးဖော်ထားရှိမှု အခြေအနေများနှင့် ကျုံးပတ်လမ်း ပြန်လည်ဖော်ဆောင် ခင်းကျင်းနေမှုများအားလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ မြို့အတွင်း ရှေးဟောင်းသမိုင်းဝင်နေရာများနှင့် အမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးအတွက်  ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုရာ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်က ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့်အဖွဲ့သည် ရေတာရှည်မြို့သို့သွားရောက်ကာ ‌ရေတာရှည်ဆေးရုံအတွင်း (၄)ခန်းတွဲ(၃)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ပြည်သူ့ဆေးရုံ အရှေ့ဘက်၊ မြောက်ဘက်၊ တောင်ဘက်တို့တွင် အုတ်တံတိုင်းတည်ဆောက်မှု၊ ရေမြောင်းတူးဖော်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ယင်းနောက် ရေတာရှည်မြို့ ဈေးသစ်တည်ဆောက်မည့် ကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်နှင့်အတူ ဈေးရောင်းချနေသည့် ဒေသခံပြည်သူများ အဆင်ပြေစေရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းရှင်းလင်းဆောင်၌ တည်ဆောက်ရေးအဖွဲ့ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)