ပုလဲ ၁၄ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မြောက်ယမားတမံ မူလမြောင်းမကြီး ဆည်ရေသောက်စနစ် ဧရိယာအတွင်းရှိ ကျေးသမျှားကျေးရွာအနီး ရေပေးမြောင်း အမှတ်(၃)၌ ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းခြင်းနှင့် အသိပညာပေးဆွေးနွေးပွဲကို ဇွန် ၁၃ ရက် မွန်းလွဲ ၃ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်က တောင်သူများအတွက် အဓိက အကျိုးပြုနေသော မြောက်ယမားရေလှောင်တမံအနေဖြင့် ပုလဲမြို့နယ်၊ ချင်ပြစ်ကျေးရွာအနီးမှာ တည်ရှိကြောင်း၊ မြောက်ယမားရေလှောင်တမံ၏ မူလမြောင်းမကြီးဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစီမံကိန်း (Agricultural Development Support   Project) အရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ  လုပ်ငန်းများ ပြီးစီးမှုအနေဖြင့် ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ မူလမြောင်းမကြီး ဆည်ရေသောက်စနစ် အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းနှင့်အတူ မူလမြောင်းမကြီးနှင့် တူးမြောင်းများ ရေရှည်တည်တံ့နိုင်စေရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် Nippon Koei  Consultant အဖွဲ့တို့ ပူးပေါင်းပြီး ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်၏ လမ်းညွှန်ချက်နှင့်အညီ မြောက်ယမားတမံ မူလမြောင်းမကြီး ဆည်ရေသောက်စနစ် ဧရိယာအတွင်းမှာ ရေအသုံးချသူများအဖွဲ့ (Water User Group) များကို ဖွဲ့စည်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဖွဲ့စည်းထားရှိပြီးဖြစ်သော ရေအသုံးချသူများအဖွဲ့ (WUG) များ ခိုင်မာစွာ ရပ်တည်နိုင်ရေး၊ တိုးချဲ့ဖွဲ့စည်းနိုင်ရေးနှင့် တောင်သူများအနေဖြင့်လည်း ဆည်ရေကို အလေအလွင့်နည်းစွာ အကျိုးရှိရှိ စနစ်တကျသုံးစွဲနိုင်ရေး၊ ရေလိုအပ်ချက်နည်းသော စိုက်ပျိုးနည်းစနစ်များကို အသုံးပြုနိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးခြင်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းဇော်မြင့်က ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းပေးမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများ၏ ဆန္ဒသဘောထားများနှင့်အညီ ကျေးသမျှားကျေးရွာ ရေအသုံးချသူများအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးအောင်က မူလမြောင်းမကြီးနှင့် တူးမြောင်းများ ရေရှည်တည်တံ့နိုင်စေရေးအတွက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းခြင်းနှင့် အသိပညာပေးဆွေးနွေးပွဲကို ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာအနီးရှိ တောင်သူနည်းပညာပေးစင်တာ၌ ဆောင်ရွက်ခဲ့ပြီး တောင်သူများ၏ ဆန္ဒသဘောထားများနှင့်အညီ မုံသွင်ကျေးရွာ ရေအသုံးချသူများအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရှိရသည်။

 

မင်းခန့်စိုး(ဇေယျာမြေ)

 

mdn