ထန်းတပင် ၁၄ ဇွန်

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် သက်တန့်ရောင်စီမံချက်အရ မျိုးကောင်းမျိုးသန့် စပါးမျိုးများကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများအား အခမဲ့ ထောက်ပံ့ဖြန့်ဝေပေးလျက်ရှိပြီး ဇွန် ၁၄ ရက် နံနက်ပိုင်းက ဆတ်ကလေးကျေးရွာအုပ်စု၊ ဆတ်ကလေးကျေးရွာ၌ မျိုးစပါးများကို မြို့နယ်တာဝန်ရှိသူများက ဒေသခံတောင်သူများထံသို့ ဆက်လက်ထောက်ပံ့ ဖြန့်ဝေပေးအပ်လျက်ရှိကြောင်း သိရသည်။

 

မျိုးစပါး ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းတို့က မျိုးစပါးထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းအမှာစကားများ ပြောကြားခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက မျိုးစပါးထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဆတ်ကလေးကျေးရွာအုပ်စု အတွင်းရှိ တောင်သူ(၃၀)ဦးတို့၏ စိုက်ပျိုးဧက(၁၃၀)တို့အတွက် ရက်(၉၀)မျိုးစပါး (၁၉၅)တင်းကို တောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း တောင်သူများ စပါးစိုက်ပျိုးရာ၌ မျိုးကောင်းမျိုးသန့်စပါးမျိုးကို ပြောင်းလဲစိုက်ပျိုးနိုင်စေရန်နှင့် စပါးအထွက်နှုန်းများ တိုးတက်လာစေရေးတို့အတွက် ဆင်းသုခမျိုးစပါး (၅၈၄၂)တင်း၊ ရတနာတိုးစပါးမျိုး (၃ဝဝဝ)တင်းနှင့် ရက်(၉၀)စပါးမျိုး (၂၁၅၈)တင်း စုစုပေါင်း မျိုးစပါးတင်းပေါင်း (၁၁ဝဝဝ)ကို ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၅၉)စုရှိတောင်သူ (၃၅၅၃)ဦးတို့၏ စိုက်ဧက (၇၃၃၄)ဧကတို့အတွက် ထောက်ပံ့ဖြန့်ဖြူးပေးခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တောင်သူ(၁၁၈)ဦးတို့၏ စိုက်ဧက(၃၇၅)ဧကအတွက် မျိုးစပါးတင်းပေါင်း (၅၆၂ ဒသမ ၅)တင်းကို ထောက်ပံ့ဖြန့်ဖြူးပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း တောင်သူများထံသို့ မျိုးစပါးကို အခမဲ့ထောက်ပံ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ပြန်/ဆက်)

 

mdn