ရန်ကုန် ၁၄   ဇွန် 

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှု အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထောက်ပံ့ကူညီသည့် ဓာတ်ခွဲခန်းသုံး အထောက်အကူပြု ပစ္စည်းများနှင့် လူသားချင်းစာနာထောက်ထားမှု ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးမည့် ကျွမ်းကျင်ဝန်ထမ်းများ တင်ဆောင်လာသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထူး လေယာဉ်သည် ယနေ့နံနက် ၁၀ နာရီတွင် မလေးရှားနိုင်ငံမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသည်။

 

ယနေ့ ခရီးစဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဒုတိယ ဌာနေကိုယ်စားလှယ် Mr. Walid Ibrahim က “ဒီနေ့ကတော့ WFP ရဲ့ ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ငါးကြိမ်မြောက်အထိ ခရီးစဉ်တွေမှာတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအပိုင်းမှာ အသုံးပြုဖို့ အရေးကြီးတဲ့ ဆေးဝါးပစ္စည်းတွေ သယ်ဆောင်ခဲ့တယ်။ ဒီနေ့ခရီးစဉ်မှာတော့ WHO က ထောက်ပံ့ကူညီတဲ့ ဓာတ်ခွဲခန်းသုံး အထောက်အကူပြုပစ္စည်းတွေနဲ့အတူ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဖွံ့ဖြိုးရေးအကူအညီပေးနေတဲ့ ဝန်ထမ်းတွေ လိုက်ပါလာပါတယ်။ ဒီအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံ ရဲ့ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးမှာ ထိထိရောက်ရောက် ကူညီနေတဲ့ အဖွဲ့အစည်း တွေဖြစ်ပါတယ်။ နောက်ပိုင်းခရီးစဉ်တွေမှာလည်း ထောက်ပံ့ကူညီမှု ပစ္စည်းတွေသာ မက နိုင်ငံတကာ ပညာရှင်တွေကို လိုက်ပါ လာဦး မှာဖြစ်ပါတယ်” ဟုပြောသည်။

 

ယနေ့ခရီးစဉ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ ထောက်ပံ့ကူညီမည့် ဓာတ်ခွဲခန်းသုံး အထောက်အကူပြုပစ္စည်းများနှင့်အတူ  UN နှင့် INGO အဖွဲ့အစည်းများမှ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်ဝန် ထမ်း ၁၀ ဦး လိုက်ပါလာခြင်းဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် နိုင်ငံတကာ လေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်းထားသည့်အတွက် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့၏ ကိုယ်စား ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏စီမံခန့်ခွဲမှုဖြင့် ရန်ကုန်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အပတ်စဉ် ချိတ်ဆက်ပေးနိုင်မည့် လူသားချင်းစာနာထောက်မှုဆိုင်ရာ လေကြောင်းပျံသန်းမှု အကူအညီ အစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ယင်းအစီအစဉ်အရ မေ ၁၀ ရက် ၊ ၁၇ ရက် ၊ ၂၄  ရက်တို့တွင် ကွာလာလမ်ပူမြို့မှ ရန်ကုန်မြို့သို့ ဆေးဝါးနှင့် အထောက်အကူပြု ပစ္စည်းများတင် ဆောင် လာ သော ထောက်ပံ့ရေး အထူးလေယာဉ်များ ဆိုက်ရောက်ခဲ့သည်။

 

WFP ၏အဆိုပါ အစီအစဉ်သည် ကမ္ဘာအနှံ့အပြားရှိ သယ်ယူပို့ဆောင်ရေး ဗဟိုဌာနများနှင့် ချိတ်ဆက်ပြီး အရေးပေါ်လိုအပ်ချက်ရှိနေသည့် နိုင်ငံများဆီ ကူညီကယ်ဆယ်ရေး အထောက်အပံ့ ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးနေခြင်း ဖြစ်သည်။

 

ထို့အတူ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အိန္ဒိယ၊ တရုတ်၊ ကိုရီးယား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့ကလည်း ဆေးဝါး၊ စက်ပစ္စည်း နှင့်ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအား ထောက်ပံ့ကူညီ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်