ထားဝယ် ၁၄ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ ဥဿရံကျေးရွာ၊ ရေး-ထားဝယ်ကားလမ်း မိုင်တိုင်အမှတ် (၂၃/၄) မီးရထားသံလမ်းဂိတ်ရှိ ဦးအောင်ကျော်ထွန်း၏ နေအိမ်တွင် ဇွန် ၁၃ ရက်နေ့က မိသားစုအလိုက် သတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က မီးရထားသံလမ်းဂိတ်တွင် တာဝန်ထမ်းဆောင်နေသော သားဖြစ်သူ ဦးအောင်ကျော်ထွန်း၏ နေအိမ်သို့ မိခင်ဖြစ်သူ သွားရောက်ရာမှ နေအိမ်တွင် သားဖြစ်သူမှာ သွေးအိုင်အတွင်း လဲကျနေကြောင်း တွေ့ရှိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံ သတင်းပေးခဲ့သည်။
ဆက်လက်ပြီး အုပ်ချုပ်ရေးမှူးနှင့်အတူ ဖြစ်စဉ်အရ အိမ်အတွင်းဝင်ကြည့်ရာ သားဖြစ်သူနှင့် ၄င်း၏ ဇနီးဖြစ်သူမှာ ဓားဒဏ်ရာများဖြင့် သေဆုံးနေပြီး (၁)နှစ်ကျော်အရွယ်ရှိ သားဖြစ်သူမှာလည်း ဓားဒဏ်ရာဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ရေဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်လက်သတင်းပေးပို့ခဲ့ကြောင်း သိရှိရသည်။
မိသားစုဝင်သုံးဦးစလုံး အသတ်ခံရမှုနှင့် ပတ်သက်၍ သေဆုံးသူမိသားစု၏ မိခင်ဖြစ်သူက တရားလိုပြု တိုင်တန်းသဖြင့် ရေဖြူမြို့နယ်မြို့မရဲစခန်းမှ အမှုအား စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ပြန်/ဆက်မှ သတင်းရရှိသည်။
MDN