ရန်ကုန် ၁၄ ဇွန်
တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်သို့ ဆန် ဆီ ဆား ပဲ စသည့် ပစ္စည်းလေးမျိုးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပွဲကို ဇွန် ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားမီဒီယာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းမှူးဗိုလ်ချုပ်သက်ပုံက လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများမှ လှူဒါန်းသော အလှူပစ္စည်းများကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ အားကစား မီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယခုလှူဒါန်းပွဲတွင် တပ်မတော်မိသားစုများသည် ခြောက်ပြည်ပါ ဆန်အိတ် ၁၀၀၊ ငါးဆယ်သားစီ ပါဝင်သော ဆီဘူး၊ ပဲနှင့်ဆား ၁၀၀ စီ၊ ၁၀ လုံးပါ ကြက်ဥကတ် ၁၀၀ တို့အပြင် ၁၀ ခုပါ Mask အထုပ် ၁၀၀ နှင့် လက်ဆေးဂျယ်လ်ဗူး ၅၀ တို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ယခုလှူဒါန်းပစ္စည်းများကို အဖွဲ့ချုပ် အသင်းဝင်များနှင့် ကိုဗစ်ကြောင့် ရပ်နားခဲ့ရသည့် အားကစားဂျာနယ်များ အပါအဝင် အားကစားဂျာနယ်များနှင့် ပုဂ္ဂလိကသတင်းစာများမှ အားကစားဌာနခွဲများသို့ ပြန်လည် ခွဲဝေလှူဒါန်းသွားမည် ဖြစ်သည်။
တင်စိုး(မြန်မာ့အလင်း)


