မင်းကင်း  ၁၄  ဇွန် 

 

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်အတွင်း မိုးစပါး စိုက်ပျိုးရေဖူလုံစွာ ပေးဝေနိုင်ရန်အတွက် ဆည်ချောင်း ကျေးရွာအနီးရှိ ကံအင်းရေထိန်းတံခါး တည်ဆောက်ခြင်းနှင့် ရေပေးမြောင်း ပြုပြင်ခြင်းလုပ်ငန်းကို ဇွန်လကုန်အပြီး
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းကင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ကံအင်းကို မိုးရာသီ ရေဝင်ချိန်တွင် ရေသိုလှောင်၍ စိုက်ပျိုးရေ လိုအပ်ချိန် ရေထုတ်ယူ အသုံးပြုနိုင်ရန်အတွက် (၅ ပေ x ၉ ပေ) ရေတံခါးသုံးပေါက် ပါရှိသည့် ရေထိန်းတံခါးနှင့် အုတ်စီမြေထိန်းနံရံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး ရန်ပုံငွေ(သာမန်) ကျပ် ၁၉ ဒသမ ၈၀ သန်းဖြင့် တင်ဒါအောင်မြင်သော မေပွင့်ဖြူကုမ္ပဏီမှ ဆောင်ရွက်ခြင်းဖြစ်သည်။

 

“ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ အခုလက်ရှိ ရေသွင်းမြောင်း တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေပါတယ်။
ဒီဇွန်လကုန်အပြီး ဆောင်ရွက်သွားမှာပါ။ မိုးရာသီ ရေဝင်ရောက်ချိန်မှာ ရေသိုလှောင်နိုင်ပြီး စိုက်ပျိုးရေလိုအပ် နေတဲ့အချိန်မှာ ရေထုတ်ယူ အသုံးပြုနိုင်တော့မှာ ဖြစ်တဲ့အတွက် ကျေးလက်နေပြည်သူနဲ့ တောင်သူတွေအတွက် များစွာအကျိုးပြုတော့မှာပါ” ဟု မေပွင့်ဖြူကုမ္ပဏီ ဒါရိုက်တာ ဦးစိုးမြင့်ဇော်က ပြောသည်။

 

အဆိုပါ ကံအင်းရေထိန်းတံခါးနှင့် ရေပေးမြောင်းတည်ဆောက်ပြီးစီးပါက မင်းကင်းမြို့နယ်ရှိ ကျေးလက်နေ တောင်သူများအတွက် မိုးစပါးလယ်မြေဧက ၄၀၀ ခန့် စိုက်ပျိုးရေဖူလုံစွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ချင်းတွင်းသား

 

mdn