ရေစကြို    ၁၄    ဇွန်    

 

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြားရှိ ရေလယ်ကျွန်းကျေးရွာ (၈)ရွာရှိ ကျေးလက်နေပြည်သူများ ၂၄ နာရီ လျှပ်စစ်မီးသုံးစွဲနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသည့် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုများကို ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့သည် ဆိုလာမီးလင်းရေးလုပ်ငန်းခွင်အတွင်း မီးဘေး လုံခြုံစိတ်ချရမှု ရှိ/ မရှိ၊ ဆိုလာစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးရေးလုပ်ငန်း လည်ပတ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားပျောက်ဆုံးမှု မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေး အထူးဂရုပြု လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့သည် ဒေသနေပြည်သူများနှင့် တွေ့ဆုံ၍ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးအန္တရာယ်များ မဖြစ်ပေါ်စေရန် စနစ်တကျ ကိုင်တွယ်သုံးစွဲရန်နှင့် ဓာတ်အားချွေတာသုံးစွဲခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ကျေးရွာမီးလင်းရေးကော်မတီဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အဆိုပါ ဆိုလာမီးလင်းရေးအတွက် ဆိုလာ ၂၈၈ ကီလိုဝပ်၊ ဂျင်နေရေတာ ၁၆၀ ကီလိုဝပ် ထုတ်ယူသုံးစွဲနိုင်မည့် ဆိုလာ-ဒီဇယ် ပေါင်းစပ်စနစ်အမျိုးအစားကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ သန်းကျော် အကုန်အကျခံ၍ Parami Energy ကုမ္ပဏီနှင့်  Mega Global Green Automation ကုမ္ပဏီတို့မှ  အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

 

ယခုအခါ ရေစကြိုမြို့နယ်အတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြားရှိ ရေလယ်ကျွန်းကျေးရွာ (၈)ရွာရှိ အိမ်ခြေ ၁၄၇၁ အိမ်မှ ဒေသခံပြည်သူများ ၂၄ နာရီ လျှပ်စစ်မီးသုံးစွဲခွင့်ရရှိကာ ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင်ပြေလျက်ရှိကြောင်း ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်အေးထွန်းထံမှ သိရသည်။

 

အဆိုပါ ဆိုလာအသေးစား ဓာတ်အားပေးရေးစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းကို GIZ မှ နည်းပညာပံ့ပိုးပေးပြီး မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP Off Grid) ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထည့်ဝင်ငွေကျပ် ၆၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၂၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီမှ ထည့်ဝင်ငွေကျပ် ၂၀ ရာခိုင်နှုန်းတို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)