နေပြည်တော် ၁၅ ဇွန်
MNDAA အဖွဲ့မှ နယ်မြေစည်းရုံးရေးတာဝန်ခံ အဆင့်ရှိသူတစ်ဦးအပါအဝင် အဖွဲ့ဝင် ၂ ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် MNDAA လက်နက်ကိုင်အဖွဲ့မှ နယ်မြေစည်းရုံးရေး တာဝန်ခံအဆင့်ရှိသော ချာကွီးဖျင်နှင့် တပ်သားအဆင့်ရှိ ရန်ဖေးတို့နှစ်ဦးသည် ဥပဒေဘောင်အတွင်းသို့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းထံသို့ ဝင်ရောက် ခဲ့ကြောင်း။
၎င်းတို့မှာ MNDAA လက်နက်ကိုင်အဖွဲ့၏ အတင်းအဓမ္မစုဆောင်းခြင်း ခံခဲ့ရသူများဖြစ်ပြီး ယခုအခါ အေးအေး ဆေးဆေး နေထိုင်လိုသဖြင့် ယခုကဲ့သို့ ဉပဒေဘောင်အတွင်း ဝင်ရောက်ရခြင်းဖြစ်ကြောင်း သိရှိရပြီး ချာကွီးဖျင်မှ ၎င်းတာဝန်ထမ်းဆောင်စဉ် ကိုင်ဆောင်ခဲ့သော လက်နက်ခဲယမ်းများအား သိုဝှက်ထားခဲ့ကြောင်း ပြောပြသဖြင့် ရွှေယင်စီးကျေးရွာရှိ နေအိမ်သို့ သွားရောက်ရှာဖွေရာ နေအိမ်မျက်နှာကြက်ထပ်ခိုးအတွင်း ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသည့် M-၁၆ မောင်ပြန်ရိုင်ဖယ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၃ တောင့်၊ အမ်-၂၀ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၉ တောင့်တို့အား သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့ ၂ ဦးအား တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
သတင်းစဉ်


