နေပြည်တော်  ၁၄ ဇွန်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများက လုံခြုံရေးအရ ယာဉ် အဝင်/ အထွက်များအား စစ်ဆေးဆောင်ရွက်လျက်ရှိစဉ် ဇွန် ၁ဝ ရက် ညနေ ၆ နာရီခန့်တွင် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ရွှေပြည်သစ် ခရီးသည်တင်ယာဉ်ပေါ်မှ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အမာခံ ၁ ဦးကို အမ်းမြို့အဝင် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း။

 

ဖမ်းဆီးရမိသူအား စစ်ဆေးချက်အရ မောင်ဇော်ဌေး အသက် ၂၁ နှစ်(ဘ) ဦးလှရွှေမောင် ဖြစ်ကြောင်း သိရှိရပြီး ၎င်းမှာ ၂ဝ၁၉ ခုနှစ်၊ ဇွန် ၆ ရက်တွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ သင်တန်းသို့ တက်ရောက်ခဲ့ပြီး မြေပုံမြို့နယ်၊ ဒဂုံကျေးရွာတွင် နေထိုင်ကာ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အတွက် ရိက္ခာများ ပို့ဆောင်ခြင်း များ ဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁၉ ခုနှစ်၊ သြဂုတ်လတွင် ဒါးလက်ရွာဟောင်းအနီးရှိ AA အကြမ်းဖက် သောင်းကျန်းသူ စခန်းသို့ သွားရောက်နေထိုင်ခဲ့ရပြီး နေထိုင်စဉ် ပင်ပန်းဆင်းရဲမှုဒဏ်အား မခံနိုင်သဖြင့် ထွက်ပြေးလာစဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း။

 

အဆိုပါ ဖမ်းဆီးရမိ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အမာခံ ၁ ဦးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် နိုင်ရေး သက်ဆိုင်ရာ မြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း။

 

အလားတူ ဇွန် ၉ ရက် ညနေ ၆ နာရီ ၃ဝ မိနစ်ခန့်တွင် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် လုံခြုံရေးနှင့် စစ်ဆေးရေးများ ဆောင်ရွက်လျက်ရှိစဉ် ကျောက်တော်မြို့နယ်ရှိ ကစ္ဆပနဒီ တံတားအနီး၌ AA အကြမ်းဖက် သောင်းကျန်းသူ ၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း။

 

ဖြစ်စဉ်မှာ တပ်မတော်စစ်ကြောင်းများက ကစ္ဆပနဒီတံတားအနီး စစ်ဆေးဆောင်ရွက်လျက်ရှိစဉ် ကျောက်တော်မြို့မှ မြောက်ဦးမြို့ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသော မောင်ဝေယံစိုး အသက် ၂၂ နှစ်(ဘ)ဦးမဲလုံး နှင့် မောင်လှချေ အသက် ၂၄ နှစ် (ဘ) ဦးမောင်ဖြူ တို့ ၂ ဦး တို့ကို မသင်္ကာသဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့ ၂ ဦးသည် ၂ဝ၁၉ ခုနှစ်၊ ဧပြီလတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံသို့ ဝင်ရောက် သင်တန်းတက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်း ပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်၊ သင်ပုန်းတန်းကျေးရွာအနီးတစ်ဝိုက် တောင်ကုန်းတွင်ရှိသော AA အကြမ်းဖက် သောင်းကျန်းသူစခန်း၌ နေထိုင်ခဲ့ပြီး ၎င်းစခန်းမှ ဇွန်လ ပထမပတ်တွင် ထွက်ပြေးခဲ့ကာ ကျောက်တော်မြို့မှ တစ်ဆင့် ထွက်ခွာလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန် ချက်များအရ သိရသည်။

သတင်းစဉ်