နေပြည်တော် ၁၄ ဇွန်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော ရဲအရာရှိ တစ်ဦးသည် ရဲစခန်းမှ မြို့သစ် ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ပြန်လာစဉ် ယမန်နေ့မွန်းလွဲ ၃ နာရီ ၄ဝ မိနစ်ခန့်တွင် နေအိမ်အနီးအရောက်၌ အမည်မသိအမျိုးသား ၆ ဦးခန့်က ဓားများ၊ စကောဘာများဖြင့် ဝိုင်းဝန်းထိုးနှက်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ အဆိုပါရဲအရာရှိသည် ရဲစခန်း၌ တာဝန်မှူးတာဝန်ထမ်းဆောင်နေစဉ် ဇနီးဖြစ်သူမှ ကလေးနေမကောင်း ကြောင်း ဖုန်းဆက်အကြောင်းကြားလာသဖြင့် မြို့သစ်ရပ်ကွက်ရှိ ၎င်း၏ နေအိမ်သို့ပြန်လာစဉ် နေအိမ်အနီး အရောက်၌ အမျိုးသား ၆ ဦး ခန့်က ဓားများ၊ စကောဘာများဖြင့် ဝိုင်းဝန်းထိုးနှက်ခဲ့ကြောင်းနှင့် ၎င်းအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျောက်တော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် ရရှိဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း။
AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များသည် အရပ်သားများအသွင်ဆောင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်ပြီး အလစ်အငိုက်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိရာ ဇွန် ၁၁ ရက်တွင် ပုဏ္ဏားကျွန်းမြို့ရှိ နယ်မြေခံတပ်မှ တပ်မတော်အရာရှိတစ်ဦးနှင့် စစ်သည် တစ်ဦးကို ဓား၊ သံတုတ်များဖြင့် ရိုက်ပုတ်ထိုးနှက်ခဲ့သဖြင့် အရာရှိမှာ ဆေးကုသမှုခံယူခဲ့ရပြီး စစ်သည်အား ဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဉ်အား သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုအခါ ရဲအရာရှိတစ်ဦးအား အရပ်သားအသွင်ဆောင်၍ ထပ်မံတိုက်ခိုက် လာခြင်းဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်းစဉ်


