မြန်မာနိုင်ငံတွင် ဇွန်လ ၁၄ ရက်နေ့အထိကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားသူ ပေါင်း ၂၆၁ ဦး ရှိသည်။ လက်ရှိတွင် ရောဂါကုသဆဲလူနာ ၈၈ ဦးရှိပြီး ရောဂါ ပိုးကင်းစင်သွားသူ ၁၆၇ ဦးရှိကာ ရောဂါကို အကြောင်းပြု၍ သေဆုံးသူခြောက်ဦးရှိသည်။ ရောဂါပိုးတွေ့ရှိ ထားသူအများစုမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁ ဦးဖြစ်ပြီး ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၁၀ ဦးစီ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုးဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ရှစ်ဦးနှင့် ရခိုင်ပြည်နယ်မှ ခုနစ်ဦး ရှိသည်။
ရောဂါပိုးတွေ့ရှိမှုတွင် ပြည်တွင်း၌ ကူးစက်ခံရမှုနည်းပါးပြီး ပြည်ပမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသူများမှာ အများဆုံးဖြစ်သည်။ တစ်နည်းဆိုလျှင် ရောဂါပိုးကို သယ်ဆောင်လာသူများမှာ ပြည်ပမှဝင်ရောက် လာသူများဖြစ်ပြီး ပြည်တွင်း၌ တစ်ဆင့်ကူးစက်မှုသည် ရှားရှားပါးပါးဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း၌ ကူးစက်ပြန့်ပွားမှုနည်းပါးအောင် ထိထိရောက်ရောက် ကာကွယ်၊ ထိန်းချုပ် လျက်ရှိပြီး ပြည်ပမှရောက်ရှိလာသူများကိုလည်း ကန့်သတ်၊ ထိန်းချုပ်၊ ကာကွယ်ပေးလျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်း မြင့်မားလာခြင်းမရှိဘဲ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထား နိုင်သည်ဟု ဆိုရမည်ဖြစ်သည်။
ထိုသို့ စနစ်တကျစောင့်ကြပ် ကြည့်ရှုစစ်ဆေး၊ ထိန်းချုပ်၊ ကာကွယ် ပေးလျက်ရှိသော်လည်း နယ်စပ်ဒေသမှ တစ်ဆင့်တရားမဝင် ဝင်ရောက်လာသူ အချို့ရှိလာသောကြောင့် ပြည်တွင်း၌ ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်လာမည့် အရေးကို စိုးရိမ်ပူပန်ဖွယ်ဖြစ်လာရသည်။ ထို့ကြောင့် ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဇွန်လ ၁၀ ရက်နေ့တွင် အသိပေး ကြေညာချက်ထုတ်ပြန်ပြီး ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ မည်သူမဆို တရားမဝင် ဝင်ထွက်ပေါက်များမှ ဝင်ရောက်လျှင်၊ ယင်းသို့ တရားမဝင် ဝင်ရောက်ကြောင်း သိလျက်နှင့် လက်သင့်ခံလျှင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခြင်း ခံရမည်ဖြစ်ကြောင်း အသိပေး ကြေညာထားခြင်း ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံ၏အနောက်ဘက် အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလျက်ရှိပြီး ကူးစက်မှု၊ သေဆုံးမှု နေ့စဉ်မြင့်မားနေသောကြောင့်၎င်းနိုင်ငံများမှ တရားဝင် ဝင်ရောက်လာသူ များအား ကြပ်မတ်၊ စစ်ဆေး၊ ထိန်းချုပ်၊ ကာကွယ်ပေးလျက်ရှိသည်။ သို့သော်တရားမဝင် ဝင်ရောက်လာသူတစ်ဦးစ၊ နှစ်ဦးစကိုတွေ့ရှိ လာရသည့်အတွက် ဝင်ရောက်လာသူကိုရော၊ ဝင်ရောက်လာသူကို သိလျက်နှင့် လက်ခံထားသူကိုရော ဖုံးကွယ်ပေးထားသူများကိုပါ ထိထိရောက်ရောက်ရှာဖွေ၍ ဥပဒေနှင့်အညီ အရေးယူသွားတော့မည်ဖြစ်သည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများသည် နယ်စပ်ဒေသ ဂိတ်များမှလည်းကောင်း၊ လေကြောင်းခရီးဖြင့်လည်းကောင်း နေ့စဉ်နှင့်အမျှ ဝင်ရောက်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ တိုင်းတစ်ပါးတွင် အခက်အခဲကြုံတွေ့နေရစဉ် အမိမြန်မာနိုင်ငံသို့ ပြန်လာလိုသူများအား ကြည်ဖြူစွာ လက်ခံပေးနေခြင်း သည်ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်သည်။ လက်ခံဆောင်ရွက် ပေးရေးသာမက ကျန်းမာရေးအရ စိတ်ချလုံခြုံရေးကိုပါ ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်းဖြစ်၍ နိုင်ငံသားတစ်ဦး ၏အရေးကိုအလေးထားခြင်း ဖြစ်သည့်အပြင် ပြည်သူပြည်သားများအားလုံးအတွက်ပါ ကာကွယ်စောင့်ရှောက်ပေးခြင်း ဖြစ်သည်။
ထိုသို့အခြေအနေမျိုးတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်သည့် အန္တရာယ်ကို ဝိုင်းဝန်းကာကွယ်တားဆီးပေးဖို့ လိုကြောင်း၊ တိတ်တခိုး ဝင်လာသူများသည် quarantine မဝင်ကြကြောင်း၊ ရောဂါပိုးရှိနေလျှင် အခြားသူများ စွာကို ကူးစက်သွားနိုင်ကြောင်း၊ Contact tracing ထိတွေ့မှုကြောင့် ရောဂါကူးသွားနိုင်ဖွယ်ရှိသူများကို စုံစမ်းရှာဖွေ quarantine သွင်းရသည့်အလုပ်သည် နိုင်ငံအတွက် ကြီးမားသည့်ဝန်ထုပ်ဝန်ပိုးဖြစ်ပါကြောင်း၊ ပြည်သူများ အန္တရာယ်ကင်းစေဖို့ မဖြစ်မနေထမ်းရသည့်ဝန် ဖြစ်ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေးစကား ပြောကြားခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးကြီးမားပြီး ပြည်သူများအတွက် အန္တရာယ်ဖြစ်စေနိုင်သော တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများ၊ ထိုကဲ့သို့ တရားမဝင် ဝင်ရောက်လာခြင်းကို သိလျက်နှင့် လက်သင့်ခံ သူများ၊ ဖုံးကွယ်ပေးထားသူများကို ဝိုင်းဝန်းကာကွယ်တားဆီးပြီး ဥပဒေအရ တင်းကျပ်စွာ အရေးယူသွားရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ