မာလာအောင် (ယဉ်ကျေးမှု)

 

ထိတွေ့ကိုင်တွယ်မရသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များသည် လူသားတို့၏နှလုံးသားတွင် ကိန်းဝပ်နေနိုင် သကဲ့သို့ တစ်ချိန်တည်းမှာပင် ထိလွယ်ရှလွယ်၊ ပျောက်ကွယ်လွယ် သည့်ယဉ်ကျေးမှုဟူ၍လည်း ဒြပ်မဲ့ယဉ်ကျေးမှု ဆိုင်ရာ ပညာရှင်များက မိန့်ဆိုကြပါသည်။ မြန်မာတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များတွင် ပျောက်ကွယ်သွား သည့် ယဉ်ကျေးမှု များစွာရှိသကဲ့သို့ ကျန်ရှိနေသေးသည့် ယဉ်ကျေးမှုလည်း များစွာရှိပါသည်။


ဥပမာဆိုရပါလျှင် မြန်မာနိုင်ငံအတွင်း၌ ကင်ပွန်း တပ်သည့် ရိုးရာဓလေ့သည် ပျောက်ကွယ်လုနီးပါး ရှိနေပါသည်။ ထိုနည်းတူစွာ လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း ဘိုးဘွားမိဘ ဦးကြီး ဒေါ်ကြီးများက ကလေး သူငယ်များကို အိပ်ရာဝင်ပုံပြင် ပြောပြတတ်ကြသော်လည်း ယနေ့မျက်မှောက်ခေတ်တွင် ပုံပြင်ပြောပြသည့် ဓလေ့လည်း လျော့နည်းလာပါသည်။


သို့သော် မြန်မာတို့၏ ရင်ထဲတွင် စွဲစွဲမြဲမြဲကျန်ရှိ နေသေးသည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များစွာ အနက် သနပ်ခါးလိမ်းခြယ်မှုသည် တစ်နိုင်ငံလုံးရှိ မြန်မာတို့၏ နှလုံးသားထဲ၌ ထင်ကျန်နေပါသည်။ ကျေးလက်နေ ပျိုမေများ၊ အမျိုးသမီးများ၊ အမျိုးသားအချို့တို့သည် လယ်ယာလုပ်ငန်းခွင်သို့ သွားရောက်သည့်အချိန်၌ သနပ်ခါးကို ထူထူလိမ်းခြယ်တတ်ကြပြီး အမျိုးသမီးတို့ သည် ပွဲလမ်းသဘင်သွားသည့်အခါ သနပ်ခါးပါးကွက် ဒီဇိုင်းမျိုးစုံဖြင့် အလှခြယ်ပြီး လိမ်းခြယ်တတ်ကြပါသည်။


မြို့ပြနေ မိန်းမပျိုများနှင့် အမျိုးသမီးတို့သည် ခေတ်မီစွာ မိတ်ကပ်လိမ်းတတ်ကြသော်လည်း မြန်မာ့ သနပ်ခါးကို အောက်ခံအဖြစ်သော်လည်းကောင်း၊ အိမ် နေရင်းအချိန်တို့၌လည်းကောင်း လိမ်းခြယ်တတ်ကြ ပါသည်။ သနပ်ခါးကို မိန်းကလေးများသာ လိမ်းခြယ်ခြင်း မဟုတ်ဘဲ ကလေးငယ်များနှင့် အမျိုးသားများပါ လိမ်းခြယ်တတ်ကြပါသည်။
ယနေ့တိုင် သနပ်ခါးလိမ်းခြယ်မှုမှာ မြန်မာတိုင်းရင်း သားတို့၏ ရင်ထဲတွင် စွဲကျန်နေကြသည်မှာ အဘယ် ကြောင့်နည်း။


မြန်မာ့သနပ်ခါး
မြန်မာ့သနပ်ခါးသည် “သနခါး” ဟူသော စကားရပ် မှ ဆင်းသက်လာပြီး သနဆိုသည်မှာ အညစ်အကြေးဟု အဓိပ္ပာယ်ရပြီး ခါးဆိုသည်မှာ စွန့်ထုတ်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုသည့်အတွက် သနပ်ခါးသည် မကောင်း သောအညစ်အကြေးများကို စွန့်ထုတ်ပေးသည့်အရာဟု မောင်မြနန်း (ရေစကြို)၏ မြန်မာ့နံသာမြေဆောင်းပါးတွင် ရေးသားဖော်ပြထားပါသည်။


သနပ်ခါး၏ အမည်နာမနှင့် အမျိုးအစား သတ်မှတ်မှုကို အောက်ပါအတိုင်း လေ့လာတွေ့ရှိနိုင်ပါသည်-

(၁) မြန်မာအမည်= သနပ်ခါး (tha nap kha)

(၂) အင်္ဂလိပ်အမည်= Chinese Box Tree

(၃) မျိုးရင်း= Rutaceac

(၄) မျိုးစု = Limonia

(၅) မျိုးစိတ်= Acidissima

(၆) သိပ္ပံအမည်= Naringi crenulata (Roxb.)

 

မြန်မာ့သနပ်ခါး သမိုင်း

သနပ်ခါးလိမ်းသည့်ဓလေ့ကို အေဒီ ၅ ရာစုမှ ၉ ရာစုအတွင်း ထွန်းကားခဲ့သည့် ပျူခေတ်ကတည်းက သနပ်ခါးကို စွဲလမ်းကြသည်ဟု ပညာရှင်များက ယူဆကြပါသည်။


အေဒီ ၁၁ ရာစု၌ ပုဂံဒေသအတွင်းရှိ နဂါးရုံဘုရားနှင့် အပါယ်ရတနာဘုရားတို့၌ သနပ်ခါးနှင့် ယှဉ်တွဲတွေ့ရှိ ရသည့် ကျောက်ပျဉ်နှင့်အတူ အလှဆင်နေသည့် မိန်းမပျို ၏ နံရံပန်းချီကို တွေ့မြင်ရပါသည်။ သို့ဖြစ်၍ ပုဂံခေတ် ကတည်းက မြန်မာမိန်းမပျိုတို့သည် သနပ်ခါးဖြင့် အလှဆင်နိုင်သည်ဟု ဆိုနိုင်ဖွယ်ရှိပါသည်။


ထို့အပြင် ပခန်းသားတို့၏ ပါးစပ်ရာဇဝင်အရ အလောင်းစည်သူမင်းသည် ဖောင်စကြာဖြင့် တိုင်းခန်းလှည့်လည် လာစဉ် ပခုက္ကူခရိုင် ပခန်းကြီးမြို့ အနောက်ဘက် နှစ်မိုင်ခန့်အကွာ ရှင်မတောင်အနီးတွင် တည်ရှိသော နောင်နီတောင်သို့ ရောက်သည့်အခိုက် မိဖုရားအသုံးပြုသော အလွန်မွှေးကြိုင်သည့် သနပ်ခါးအရည် ပါသည့် သနပ်ခါးအစ် (ကွမ်းအစ်) တိမ်းစောင်းမှောက်သွားသဖြင့် အဆိုပါဒေသတွင် ပေါက်ရောက်သော သနပ်ခါးတို့မှာ အခြားဒေသတွင် ပေါက်ရောက်သည့် သနပ်ခါးတို့ထက် မွှေးကြိုင်သည်ဟု ယနေ့တိုင် ယူဆကြပါသည်။


မြန်မာသက္ကရာဇ် ၇၄၅ ခုနှစ် (အေဒီ- ၁၃၈၃ ခုနှစ်) ရာဇာဓိရာဇ်မင်း(ဗညားနွဲ့)သည် မင်းသားဘဝ၌ ဒဂုန် (ရန်ကုန်)သို့ ချီတက်ရာတွင် ကြင်ယာသက်ထားထံသို့ ရေးပို့သော သုံးထောင့်အိုင် အိုင်ချင်းတွင် “သနပ်ခါး ကျောက်ပြားပေါ်တွင် သောက်ရေအေးနှင့် ရောသွေးပါလျှင် နံသာအပေါ် ကျဲတတ်တယ်” ဟု ရေးစပ်ထားခြင်းဖြင့် သနပ်ခါးကို အသုံးပြုခဲ့ကြကြောင်း သိရှိနိုင်ပါသည်။


ဆက်လက်၍ အင်းဝခေတ် မြန်မာသက္ကရာဇ် ၈၅၅ ခုနှစ် (အေဒီ- ၁၄၉၃ ခုနှစ်) တွင် ရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ် ဇာတ်ပေါင်းပျို့၌ “ဤစာသာရ၊ ဂေါသီတကို နားဝနှစ်ဖက် မြကျောက်ထက်၌ ဉာဏ်ထက်ကိုင်လေး၊ ဖြေးဖြေးသွေး၍ နံ့မွှေးတသုံးလိမ်းလင့်ကုန်း” ဟု ရေးသားထားသည်ကိုလည်း တွေ့နိုင်သည့်အတွက် နန်းတွင်း၌ သနပ်ခါး လိမ်းခြယ်ခဲ့ကြကြောင်း သိနိုင်ပါသည်။


တောင်ငူခေတ် ဘုရင့်နောင်မင်းတရား၏ သမီးတော် ဓာတုကလျာမင်းသမီးအမည်ပါ ကျောက်ပျဉ်ကို ပဲခူးရွှေမော ဓောစေတီ၌ တွေ့ရှိရပါသဖြင့် အဆိုပါခေတ်တွင်လည်း သနပ်ခါးကို အသုံးပြုနိုင်ကြောင်း ယူဆကြပါသည်။
လမိုင်းလယ်သူ ဟန်ချင်းတွင်လည်း “သနပ်ခါးကွက် ပါးမှာကူ ရွှေမိုင်းသူတော ကျုပ် အလှဆုံး” ဟုစပ်ဆိုခဲ့ပါ သည်။
တောင်တွင်းကြီး ဦးကြော့ကလည်း သနပ်ခါးနှင့် ပတ်သက်၍ အပင်တစ်ပင်လုံးအလှတရားကို ရေးစပ်ထားပါ သည်။
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်၌ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် အပိုင် ဧရာဝတီမြစ်၏ အနောက် ဘက် သီဟတောဘုရား၏ အောက်ဘက်နှစ်မိုင်ခန့်အကွာတွင် ကဗွတ်ဟုခေါ်သောရွာမှ နန်းသုံးတော်ဝင်သနပ်ခါး ထွက်ရှိသည်ဟု ဆိုကြပါသည်။ ဤသို့သော အထောက်အထားများအရ မြန်မာ့သနပ်ခါးကို ခေတ်အဆက်ဆက် သုံးစွဲခဲ့ကြပါသည်။


ဒုတိယကမ္ဘာစစ်မတိုင်မီက နန်းတော်ရှေ့ဆရာတင်က ရွှေဘိုသနပ်ခါးသီချင်းကို ရေးစပ်ခဲ့ပါသည်။


မျက်မှောက်ခေတ်တွင်လည်း သနပ်ခါးနှင့် ပတ်သက်၍ သီချင်းများရေးစပ် သီဆိုကြပါသည်။


သနပ်ခါးနှင့် ပွဲတော်များ

“မီးပုံလှူပွဲ တပို့တွဲ” ဟူသည့် ဆိုရိုးစကားအတိုင်း တပို့တွဲလတွင် အအေးဓာတ် လွန်ကဲသဖြင့် မြတ်စွာဘုရားအား နွေးနွေးထွေးထွေးရှိစေရန်နှင့် လက်တော်ကင်ရန် ရည်စူး၍ တပို့တွဲလပြည့်နေ့၌ ရှမ်းပြည်နယ်တွင် သစ်သား တုံးများဖြင့် ပြာသာဒ်ဆောက်၍ ပူဇော် သကဲ့သို့ အညာဒေသ တို့၌ သနပ်ခါးအတုံးအခက်အလက်များကို ကရမက်၊ နံ့သာ ဖြူနီတို့နှင့် ရောနှော၍ မီးရှို့ပူဇော်ကြပါသည်။ အဆိုပါ တပို့တွဲလပြည့်နေ့ကိုလည်း မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်၍ သနပ်ခါးသွေးပြိုင်ပွဲများ၊ သနပ်ခါးလိမ်းခြယ် အလှပြိုင်ပွဲများ၊ စာတမ်းဖတ်ပွဲများနှင့် သနပ်ခါး လက်ဆောင်ပေးခြင်းများကို ပြုလုပ်လေ့ရှိကြပါသည်။


ထို့အပြင် မန္တလေးမြို့ရှိမဟာမုနိရုပ်ရှင်တော်မြတ်ကြီးနှင့် မန္တလေးနန်းတော်ရှေ့ အောင်တော်မူဘုရားတို့၌ နေ့စဉ် နံနက်အရုဏ်တက်ချိန်တွင် မျက်နှာတော်သစ်ရေတွင် သနပ်ခါးနံ့သာကိုထည့်၍ ပူဇော်ကြပါသည်။


စဉ့်ကူးမြို့နယ် ခတ်သင်ရွာ၌ ရွှေတောင်ဦးစေတီတွင် ကျင်းပသည့် သနပ်ခါးပွဲတော်၊ ရခိုင်ပြည်နယ်၌ သင်္ကြန် အကြိုနေ့တွင် ကျင်းပသည့် နံ့သာသွေးပွဲ (သနပ်ခါးသွေးပွဲတော်) စသည့် ဘာသာရေးပွဲတော်များလည်း ကျင်းပကြပါသည်။


ယောမြို့နယ်၌ သီတင်းကျွတ်လပြည့်နေ့တွင် အပျို၊ လူပျိုတို့ ကျင်းပသည့် သနပ်ခါးပါးတို့ ပွဲတော်ကဲ့သို့ ပျော်ပွဲ ရွှင်ပွဲကိုလည်း ကျင်းပလျက်ရှိပါသည်။


ထို့အပြင် သနပ်ခါးအသားကို နေ့အလိုက်ရုပ်ပွား ဆင်းတုတော်များ၊ စိပ်ပုတီး၊ ဘုရားကျောင်းဆောင်တံကဲ၊ ပြာသာဒ်ပြုလုပ်ခြင်းများလည်းရှိပါသည်။


ဘုန်းကြီးပျံပွဲများ၌ ဘုန်းတော်ကြီးများ၏ ရုပ်ကလာပ် ကို သနပ်ခါးတုံးများဖြင့် မီးရှို့ပူဇော်ကြသည့် ဓလေ့ကိုလည်း မြန်မာနိုင်ငံ၌ တွေ့နိုင်ပါသေးသည်။


လက်ဆောင်ပေးခြင်း ဓလေ့

မြန်မာတို့သည် ဘုရားဖူးခရီးကို ခုံမင်စွာ မက်မော၍ သွားလာတတ်ကြပါသည်။ အညာ ဘုရားဖူး ပြန်လာသူများက ဆွေမျိုးမိတ်ဆွေများအတွက် သနပ်ခါးကို ဝယ်ယူ၍ လက်ဆောင်ပေးတတ်သည့် ဓလေ့လည်း ယနေ့တိုင် ရှင်သန်လျက်ရှိပါသည်။


သနပ်ခါးနှင့် ကျန်းမာရေး

ရှင်နာဂသိန် ပုံပြဆေးအဘိဓာန်၌ သနပ်ခါးနှင့် ပတ်သက်၍ အရွက်သည် ဝက်ရူးနာရောဂါအတွက် အကျိုး ပြုသည့် ဆေးကောင်းတစ်ခု၊ အမြစ်သည် ဝမ်းနုတ်ဆေး အဖြစ် အသုံးပြုရ၏။ ချွေးထွက်စေတတ်၏။ ရက်မှန် အချိန်မှန် နာသောလေနာရင်နာတို့ကို လည်းကောင်း၊ နှလုံး၌ ထိုးအောင့်နာကျင်ခြင်းကို လည်းကောင်း အသုံးဝင်သော ဆေးမြစ်ဖြစ်၏။ အသီးအခြောက်သည် ဝဖြိုးစေ၏။ အူများအတွင်း၌ဖြစ်သော နာကျင်ခြင်းကို ကင်းဝေးစေ၏။ ကျောက်ရောဂါများ ကူးစက်ခြင်းကို တားမြစ်စေတတ်၏။ အလွန်ပြင်းထန်သော အဖျားကို တားမြစ်တတ်၏။ ထို့အပြင် များစွာသော အဆိပ်တို့ကို ကာကွယ်နိုင်သော သတ္တိကြောင့် အဆိုပါဆေးမြစ်သည် အထူးထင်ရှားသည်ဟု ရေးသားဖော်ပြထားပါသည်။


ဒေါက်တာမောင်ဖြေ၏ အဘိဓမ္မာဒေသနာနည်းလာ ဓာတ်ပညာအဖွင့်၌ အမျိုးသမီးရောဂါအတွက် သနပ်ခါး သွေးရာ၌ ကံ့ကော်ဝတ်ဆံအနည်းငယ် ထည့်သွေးပြီး ရရှိလာသည့် သနပ်ခါးအနှစ်ကို ရေခွက်ထဲထည့်၍ သကြားအနည်းငယ်ထည့် သောက်သုံးပါက ရောဂါ ပျောက်ကင်းကြောင်းရေးသားဖော်ပြထားပါသည်။


သနပ်ခါးနှင့် ရောင်းဝယ်ဖောက်ကားမှု

သနပ်ခါးရောင်းဝယ်မှုကို ဘုရားပွဲတော်များဖြစ်သည့် ၁၂ လ ရာသီပွဲတော်များ၌ ၁၂ လ ရာသီ လိုက်ပွဲတော်များ- တပို့တွဲလမှ တန်ခူးလအထိ မင်းဘူးခရိုင်ရှိ မန်းရွှေ စက်တော်ဘုရားပွဲ၊ ကဆုန်လ၌ မကွေးတိုင်းဒေသကြီး စလင်းမြို့ရှိ ရွှေပြည်အေးဘုရားပွဲ၊ နယုန်လ၌ ပခုက္ကူရှိ သီဟိုဠ်ရှင်ဘုရားပွဲ၊ ဝါဆိုလ၌ ပခုက္ကူနှင့် မန္တလေးလမ်းမ ပေါ်ရှိ မြို့သာ၊ ဂေါတမ၊ ဆင်စိမ့်နှင့် မအူဘုရားပွဲများ၊ ဝါခေါင်လ၌ မြင်းမူမြို့ရှိ ရှင်စောလူးဘုရားပွဲ၊ တော်သလင်းလ၌ တံတားဦးရှိ ငါန်းဇွန်ဘုရားပွဲနှင့် ရွှေဘိုမြို့ရှိ မြို့ဦးစေတီဘုရားပွဲ၊ သီတင်းကျွတ်လ၌ မကွေးမြို့ရှိ မြသလွန်ဘုရားပွဲ၊ တန်ဆောင်မုန်း၌ ရွှေစည်းခုံဘုရားပွဲ၊ နတ်တော်လ၌ ကျောက်ပန်းတောင်းရှိ စေတီကြီးပွဲနှင့် ပြာသိုလ၌ ပုဂံအာနန္ဒာ ဘုရားပွဲ)၌ ရောင်းဝယ်ကြသည့်အပြင် နတ်ပွဲများဖြစ်သည့် မင်းကြီးမင်းလေး၏ တောင်ပြုံးပွဲ၊ ပခန်းကိုကြီး ကျော်ပွဲတို့တွင် သနပ်ခါးနှင့် ကျောက်ပျဉ် ရောင်းဝယ်ဖောက်ကားခြင်းကို မြင်တွေ့နိုင်ကြပါသည်။


မြန်မာနိုင်ငံတွင် ထင်ရှားသည့် စေတီပုထိုးများတွင်လည်း သနပ်ခါးနှင့် ကျောက်ပျဉ် ရောင်းဝယ် တတ်ကြပါသည်။ ထို့အပြင် အညာဒေသ၏ စျေးတန်းများတွင်လည်း သနပ်ခါးဆိုင်များကို တွေ့မြင်နိုင်ပါသည်။


ယခုမျက်မှောက်ခေတ်တွင် ခေတ်နှင့်အညီ သနပ်ခါးကို အသင့်လိမ်း၍ရသည့် မိတ်ကပ်၊ ပေါင်ဒါအဖြစ်သော် လည်းကောင်း၊ ရေမွှေးအနေဖြင့်သော်လည်းကောင်း ရောင်းဝယ်မှုကို အများအားဖြင့် ကုန်တိုက်ကြီးများတွင် တွေ့မြင်နိုင်ပါသည်။


သနပ်ခါးနှင့် မြန်မာတို့ သုံးစွဲမှု

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် သနပ်ခါးစစ်တမ်းကောက်ယူခဲ့ရာ အမျိုးသမီး ၆၅ ဒသမ ၃ ရာခိုင်နှုန်းနှင့် အမျိုးသား ၃၄ ဒသမ ၇ ရာခိုင်နှုန်း ပါဝင်ဖြေဆိုခဲ့ကြပါသည်။ အဆိုပါ ဝင်ရောက်ဖြေဆိုသူ အနက် သနပ်ခါးရောင်းဝယ်သူ ၂ ရာခိုင်နှုန်းဖြစ်ပြီး သနပ်ခါးသုံးစွဲသူ ၉၈ ရာခိုင်နှုန်း ဖြစ်ပါသည်။


သနပ်ခါးစစ်တမ်းစာရင်း ကောက်ယူမှုအရ အလှအပသုံးစွဲမှု ၇၅ ရာခိုင်နှုန်း၊ ကျန်းမားရေးအတွက် သုံးစွဲမှု ၇၂ ဒသမ ၃ ရာခိုင်နှုန်း၊ ဘာသာရေးဆိုင်ရာ အသုံးပြုမှု ၁၇ ဒသမ ၂ ရာခိုင်နှုန်း၊ လူမှုရေးအစဉ်အလာ ပွဲတော်များအတွက် အသုံးပြုမှု ၄၃ ဒသမ ၂ ရာခိုင်နှုန်း ရှိပါသည်။


သနပ်ခါး နှစ်သက်သူ ၉၈ ဒသမ ၇ ရာခိုင်နှုန်း ရှိရာ သဘာဝသနပ်ခါးတုံးဖြင့် လိမ်းခြယ်သူ ၉၇ ဒသမ ၈ ရာခိုင်နှုန်း၊ အသင့်သုံးသနပ်ခါးခဲ၊ အမှုန့်၊ မိတ်ကပ်၊ ပေါင်ဒါဖြင့် လိမ်းခြယ်သူ ၁၀ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး ဆက်လက် အသုံးပြုမည်ဟု ဆန္ဒပြုသူ ၉၇ ဒသမ ၈ ရာခိုင်နှုန်း၊ ယူနက်စကိုသို့ နိုင်ငံကိုယ်စားပြုယဉ်ကျေးမှု အမည်စာရင်းတင်သွင်းခြင်းကို ထောက်ခံသူ ၁၀၀ ရာခိုင်နှုန်း ရရှိခဲ့ပါသည်။


အဆိုပါ စစ်တမ်းကောက်ယူမှုအရ သနပ်ခါးလိမ်းခြယ်ခြင်းဖြင့် အသားအရေစိုပြည်စေခြင်း၊ ဆေးဖက်ဝင်ခြင်း၊ သနပ်ခါးရှိမှ နေတတ်ခြင်း၊ နှစ်သက်ခြင်း၊ မြင်ရသူ စိတ်အေးချမ်းခြင်း၊ အသားအရေလှခြင်း၊ နေလောင်ဒဏ်ခံနိုင်ခြင်း၊ စိတ်ကြည်လင်ခြင်း၊ လန်းဆန်းခြင်း၊ သင်းပျံ့ခြင်း၊ အသားအရေအေးမြခြင်းနှင့် ချောမွတ်ခြင်းများကို ခံစားရသည်ဟု သိရှိရပါသည်။


နိုင်ငံတော်၏ ဆောင်ရွက်ချက်များ

မြန်မာ့သနပ်ခါးကို ယူနက်စကိုသို့ ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး၍ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အမျိုးသားပြတိုက် (နေပြည်တော်)၌ ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရှိ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ပညာရေးဝန်ကြီးဌာနရှိ အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တက္ကသိုလ်များမှ မြန်မာစာဌာနနှင့် သမိုင်းဌာနတို့မှ ဆရာ ဆရာမများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ပညာရှင်များ၊ မြန်မာနိုင်ငံ သနပ်ခါးအသင်းနှင့် မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။


အဆိုပါဆွေးနွေးပွဲ၏ ရလဒ်အနေဖြင့် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ထုံးစံအား ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှု စာရင်းတင်သွင်းရေး စံနှုန်းသတ်မှတ်ချက်ဆိုင်ရာ အချက်အလက်များ ရရှိခဲ့ပါသည်။


အဆိုပါစံနှုန်းသတ်မှတ်ချက် ငါးချက် (R. 1 to R.5) တို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

R.1 ယဉ်ကျေးမှုအမွေအနှစ်သည် ပဋိညာဉ် စာချုပ်အပိုဒ် ၂ တွင် သတ်မှတ်ထားသည့် စံနှုန်းသတ်မှတ်ချက်နှင့်အညီ မြန်မာ့ သနပ်ခါး ယဉ်ကျေးမှု ဓလေ့ထုံးစံသည် နယ်ပယ် ၅ ရပ်အနက် နယ်ပယ် ၄ ဖြစ်သည့် သဘာဝနှင့် လူသားအားလုံးအတွက် သက်ဆိုင်သည့် အသိပညာနှင့် ထုံးစံများ နယ်ပယ်နှင့် ကိုက်ညီပါသည်။


R.2 ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များသည် မြင်သာထင်သာရှိပြီး အရေးပါပုံကို သိမြင် နားလည်စေရန် ဆောင်ရွက်ရမည့် စံနှုန်းအရ နိုင်ငံတော်အစိုးရက မြန်မာ့သနပ်ခါးနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ် ခြင်းများနှင့် ပြတိုက်များတွင် ပြည်တွင်း ပြည်ပ ဧည့်သည်များအတွက် မြန်မာ့သနပ်ခါးကို လက်တွေ့ကျကျ လိမ်းခြယ်နိုင်ရန် စီစဉ် ပေးလျက်ရှိခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများကလည်း သနပ်ခါးနှင့် ပတ်သက်၍ စည်းရုံးလှုံ့ဆော်မှုပွဲများ (Campaign) ကို ကျင်းပကြခြင်းနှင့် မြန်မာနိုင်ငံ သနပ်ခါးအသင်းက ကြီးမှူး၍ သနပ်ခါးပွဲတော်ကျင်းပ၍ သနပ်ခါးနှင့် ပတ်သက်သည့် စာတမ်းများ ဖတ်ကြားခြင်းများ ဆောင်ရွက်လျက်ရှိကြပါသည်။

ကမ္ဘာတစ်ဝန်း မတူကွဲပြားသော ယဉ်ကျေး မှုကို ထင်ဟပ်ပေါ်လွင်စေသည့် စံနှုန်းအရ မြန်မာဟု ပြောလိုက်သည်နှင့် သနပ်ခါးကို ပါးပေါ်တင်သည့် ဓလေ့ကိုတစ်ပြိုင်တည်း သိနိုင်ပါသည်။ မြန်မာ့သနပ်ခါးလိမ်းခြယ်မှုသည် နေရာအနှံ့တွင် မြင်တွေ့နိုင်ပြီး ချစ်စရာကောင်းသည့် အပြုံးမျက်နှာနှင့်အတူ ယှဉ်တွဲတွေ့မြင်နိုင်ပါသည်။ စေတီပုထိုးများ တွင် သနပ်ခါးတုံးနှင့် ကျောက်ပျဉ်တို့ထားရှိပြီး ဘုရားဖူးပြည်သူတို့ ကလည်း ဘုရားရင်ပြင်ပေါ် ရောက်သည်နှင့်အတူ သနပ်ခါးကို ခုံမင်စွာ လိမ်းခြယ်တတ်ကြသည့် ဓလေ့မှာ ပေါ်လွင်ထူးခြားနေပါသည်။

 

R.3 နိုင်ငံ(များ)အနေဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ရေးနှင့် မြှင့်တင်ရေးတို့အတွက် ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အစီအမံများ ဆောင်ရွက်မှုစံနှုန်းအရ သနပ်ခါးကို ရေရှည်တည်တံ့နိုင်ရေးအတွက် ခေတ်နှင့် အညီ သနပ်ခါးစိုက်ပျိုးနည်းပညာများကို ဖြန့်ဝေပေးခြင်းနှင့် သနပ်ခါးကို ကမ္ဘာ့ဈေးကွက်တွင် ရပ်တည်နိုင်ရေး အခြေခံလိုအပ်ချက်ဖြစ်သည့် ပထဝီဆိုင်ရာ အညွှန်းကိန်း (Geographical Indication- GI) ရရှိစေရေး တို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

စာရင်းကောက်ယူမှု ပြီးစီးရမည့် လုပ်ငန်းစဉ် စံနှုန်းနှင့်အညီ မြန်မာ့သနပ်ခါး ဓလေ့ ကောက်ယူမှုစာရင်းသည် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၏ ၂၀၂၀ ပြည့် နှစ် မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၏ မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မှတ်ပုံတင် စာရင်း (ပထမအကြိမ်)၌ ပါဝင်ပါသည်။


R.4 နိုင်ငံများအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်ကို အမည်စာရင်းတင်သွင်းရာတွင် သက်ဆိုင်ရာ အသိုက်အဝန်းက သဘောတူညီမှုရှိပြီး အကျယ်ပြန့်ဆုံး ပါဝင်ဆောင်ရွက်ရမည့် စံနှုန်းနှင့်အညီ မြန်မာနိုင်ငံ သနပ်ခါးအသင်းနှင့် အရာတော်၊ ရွှေဘို၊ မြိုင်၊ ပခုက္ကူ၊ မုံရွာ၊ မြင်းမူ၊ ရေစကြို၊ ယင်းမာပင်၊ ဘုတလင်၊ ပေါက် စသည့် မြို့နယ် ၁၀ မြို့နယ်တို့မှ သနပ်ခါး စိုက်ပျိုးမှုကို အခြေခံ၍ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချနေသူများ အသင်းတို့ကလည်း ထောက်ခံချက်များ ပေးကြပါသည်။


R.5 ပဋိညာဉ်စာချုပ်အပိုဒ် ၁၁ နှင့် ၁၂ တို့တွင် သတ်မှတ်ဖော်ပြထားသည့်အတိုင်း ယဉ်ကျေး မှုအမွေအနှစ်သည် အမည်စာရင်းတင်သွင်းသောနိုင်ငံ(များ)၏ ပိုင်နက်နယ်မြေ(များ) ဖော်ပြရမည့်စံနှုန်းအရ သနပ်ခါးသည် မြန်မာ နိုင်ငံ အလယ်ပိုင်းတွင် အဓိကစိုက်ပျိုးသော်လည်း သနပ်ခါးလိမ်းခြယ်မှုသည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတွင်းတွင် တွေ့ရှိနိုင်ပါသည်။


သို့ဖြစ်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အထက်ဖော်ပြပါ စံနှုန်းငါးချက်နှင့် ကိုက်ညီသည့် မြန်မာ့ သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကိုယ်စားပြုဒြပ်မဲ့ ယဉ်ကျေးမှု စာရင်းတင်သွင်းရေးပုံစံ (Representative List of the Intangible Cultural Heritage of Humanity Form) ၌ ဖြည့်သွင်း၍ Living Heritage Entity, Culture Sector သို့ ၂၀၂၀ ပြည့်နှစ် မတ်လ ၃၀ ရက်နေ့တွင် ပေးပို့နိုင်ခဲ့ပါသည်။


မြန်မာ့သနပ်ခါး ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ထိန်းသိမ်းရေးလုပ်ငန်းများ၌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတစ်ခုတည်းသာ ဆောင်ရွက်နေခြင်းမဟုတ်ဘဲ အခြားသောဝန်ကြီးဌာနများကလည်း မြန်မာ့သနပ်ခါး ကို ကုန်ကြမ်းဖော်ပြချက်နှင့် ကုဒ်စနစ်ရရှိစေရေး တစ်နည်းအားဖြင့် ကုန်သွယ်ပစ္စည်းများကို ခွဲခြားရန် နိုင်ငံတကာက သတ်မှတ်ထားသည့် ကုန်ပစ္စည်းအမည် များနှင့် ကုဒ်နံပါတ်များစနစ် (Harmonized System- HS Code) ရရှိနိုင်ရေး၊ ကုန်ပစ္စည်း၏ အရည်အသွေးနှင့် ဂုဏ်သတင်းကို မူပိုင်ခွင့်မှတ်ပုံတင်နိုင်ရေးအတွက် ပထဝီအနေအထားအရ ခွဲခြားသတ်မှတ်သည့် ပထဝီဆိုင်ရာ အညွှန်းကိန်း (Geographical Indication- GI) သတ်မှတ်နိုင်ရေးနှင့် ခေတ်နှင့်အညီ စိုက်ပျိုးနိုင်ရေး စသည့်လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။


မြန်မာနိုင်ငံ သနပ်ခါးအသင်းနှင့် မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းတို့၏ လုပ်ဆောင်ချက်များ
မြန်မာနိုင်ငံသနပ်ခါးအသင်းနှင့် မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းတို့သည် သနပ်ခါးကို ချစ်မြတ်နိုးပြီး ခေတ်နှင့်အညီ စိုက်ပျိုးနိုင်ရေး၊ လုပ်ငန်းများဖွံ့ဖြိုးနိုင်ရေး၊ စျေးကွက်ရပ်တည်နိုင်ရေး၊ ထုတ်ကုန်များ ခေတ်နှင့်အညီ ထုတ်လုပ်နိုင်ရေးနှင့် ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေး စသည့်လုပ်ငန်း များတွင် နိုင်ငံတော်နှင့် အတူ လက်တွဲ၍ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။


ပြည်သူများကလည်း မြန်မာတို့၏ ရိုးရာအစဉ်အလာဖြစ်သည့် မြန်မာ့သနပ်ခါးလိမ်းခြယ်မှု ဓလေ့ယဉ်ကျေးမှု အမွေအနှစ်ကို မြတ်နိုးခင်တွယ်လျက် ဘဝတစ်သက်တာ လိမ်းခြယ်လျက်ရှိပါသည်။


ဤသို့ဖြင့် မြန်မာသနပ်ခါးသည် မြန်မာတို့အတွက် လက်ဆောင်ကောင်းတစ်ခုအဖြစ်လည်းကောင်း၊ မြန်မာ ပြယုဂ်တစ်ခုအဖြစ်လည်းကောင်း ရပ်တည်နေသည့် အမွေအနှစ်တစ်ခုဖြစ်၍ ကမ္ဘာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ ကိုယ်စားပြုစာရင်း၌ ပါဝင်နိုင်ရေး ပူးပေါင်း ပါဝင် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။


ကျမ်းကိုး- မြန်မာ့စွယ်စုံကျမ်း အတွဲ- ၁၂၊ ဦးသာလှ၏ မြန်မာ့သနပ်ခါး၊ ဒေါက်တာမောင်ဖြေ၏ အဘိဓမ္မာ ဒေသနာနည်းလာ ဓာတ်ပညာအဖွင့်၊ ရှင်နာဂသိန်၏ ပုံပြင်ဆေးအဘိဓာန်၊ ၂၀၁၉ခုနှစ် နိုဝင်ဘာလထုတ် မြန်မာ့သနပ်ခါးမဂ္ဂဇင်း၊