ပဲခူး ၁၅ ဇွန်
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန် ၁၄ ရက် နံနက်ပိုင်းက တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်၊ ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ရေတာရှည်မြို့နယ်အတွင်း ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်နန်ချွန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)တွင် (၁၀ဝ'×၃၀') RC(၁)ထပ် တိုးချဲ့ကျောင်းဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး စာသင်ကျောင်းခန်းမဆောင်၌ ရေတာရှည်မြို့နယ် ပေါက်ချောင်းအုပ်စု စိမ့်ရွာမီးလင်းရေးနှင့် ကုန်းကြီးကျေးရွာအုပ်စု ဘုရားကုန်းကျေးရွာ မီးလင်းရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည့်အပြင် ကြံသနွယ်ကျေးရွာနှင့် ဆတ်တစ်ကျေးရွာကြား ကျေးရွာလမ်းတိုးချဲ့ ဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်သမားများအတွက် နစ်နာကြေးငွေများပေးအပ်ခြင်း၊ ဆရာဆရာမများအတွက် ရေမလို လက်သန့်ဆေးရည်များနှင့် နှာခေါင်းစည်း(mask) များ ပေးအပ်လှူဒါန်းပေးခဲ့သည်။
ထို့နောက် ဂွေးချောင်းရိုးတူးဖော်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုဖြစ်နေသော နှစ်ဖက် လယ်သမားများအား သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း(၂၂၂.၇)သန်းဖြင့် Straight Way Co.,Ltdမှ ဆောင်ရွက်နေသည့် သပြေတန်းကျေးရွာအုပ်စု သပြေတန်းကျေးရွာနှင့် ထန်းကုန်းကျေးရွာဆက်သွယ်သည့် အရှည်(၁/၁)မိုင်၊ အကျယ်(၁၂)ပေ၊ ထု(၇)လက်မ ကွန်ကရစ်လမ်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် သပြေတန်း-ထန်းကုန်းကွန်ကရစ်လမ်းပေါ်ရှိ Box Culvert(၃)စင်း တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ် ကုန်းကြီးကျေးရွာအုပ်စု ကုန်းကြီးကျေးရွာနှင့် အမတ်ကြီးခုံ၊ ဥယျာဉ်မှူးကျေးရွာတို့ ဆက်သွယ်သည့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းခွင်သို့ လည်းကောင်း၊ ဆွာမင်းလမ်းကျေးရွာအုပ်စုအတွင်းရှိ အရှည်(၁/၂မိုင်) အကျယ်(၁၈)ပေ၊ ထု(၈)လက်မ တံတားကြီး-ရေနီးကျေးရွာချင်းဆက်လမ်း၊ ကညင်အိုင်-အေးသာယာကျေးရွာချင်းဆက်လမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု့၊ ကွမ်းအုံကျေးရွာအုပ်စု၊ လေးအိမ်စု ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ပေ (၆၀×၃၀)စာသင်ဆောင် အပြီးသတ်ဆောက်လုပ်နိုင်ရေး တို့အား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


