ကော့သောင်း ၁၅ ဇွန်
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ် အတွင်း ရပ်နားထားသည့် MTM-Maritime Co.Ltd ၏ MT-MTM NORTH SOUND ပင်လယ်ကူးသင်္ဘောမှ Sign off ထွက်လာသည့် နေရပ်ပြန်မြန်မာသင်္ဘောသား ၁၂ ဦး ဇွန်၁၄ရက် ညနေပိုင်းက ကော့သောင်းမြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာရာ ကော့သောင်းမြို့တွင် Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
သင်္ဘောပေါ်မှ Sign off ထွက်လာသည့် Chief Officer ဦးဖြိုးဝေအောင် အပါအဝင် မြန်မာ သင်္ဘောသား(၁၂)ဦးသည် ကော့သောင်းမြို့တွင်ကြိုတင် ရောက်ရှိနေသော သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် Captain ဦးသန်းဝင်းပါ မြန်မာသင်္ဘောသား ၁၂ ဦး ဖြင့် တာဝန်လွှဲပြောင်းယူခဲ့သူများဖြစ်သည်။
အဆိုပါ သင်္ဘောသည် Wilhelmsen Towell.CoLtd. ၏ ကုန်စည်ပို့ဆောင်သည့်သင်္ဘောဖြစ်ပြီး အိုမင်နိုင်ငံမှ တစ်ဆင့် ကော့သောင်းမြို့နယ် အက်ဒမန်ပင်လယ်အတွင်းရှိ လျှာကျွန်း(ခ) ကျွန်းကန့်လန့် အနီးသို့ ယမန်နေ့မွန်းလွဲပိုင်းက ရောက်ရှိလာခြင်းဖြစ်သည်။
သင်္ဘောပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား ၁၂ ဦးအား ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ကာ ကော့သောင်းမြို့တွင် Hotel Quarantine ၂၁ ရက်ထားရှိပြီး ၎င်းတို့၏ တို့ဖတ် နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင် ဓာတ်ခွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


