ညောင်ဦး  ၁၅  ဇွန်

                                                           

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၌ ပြည်တွင်းပြည်ပပြန်များ Quarantine ထားရှိသည့် ကုတင် -၂၅ ဆံ တိုင်းရင်းဆေးရုံ၌ စိတ်စေတနာ အခမဲ့ဆေးခန်းနှင့် စိတ္တသုခ လူမှုရေးအသင်း ပရဟိတ အသင်းအဖွဲ့များက ယမန်နေ့ ညနေပိုင်းက ပိုးသတ်ဆေးဖျန်းပေးခဲ့ကြောင်း စိတ်စေတနာ ပရဟိတ အသင်းဝင် ဦးဇော်ဇော်ထံမှ သိရသည်။

 

အဆိုပါ ပရဟိတအသင်းအဖွဲ့များအနေဖြင့် Quarantine ထားရှိသူများ နေထိုင်ခဲ့သည့် အိပ်ခန်း၊ သန့်စင်ခန်း၊ ရေချိုးခန်း၊ လူသွားစင်္ကြန်လမ်းများ အပါအဝင် နေရာအနှံ့ ပိုးသတ်ဆေးများ ဖျန်းပေးခဲ့ ကြောင်း စိတ်စေတနာအခမဲ့ဆေးခန်း ပရဟိတအသင်းဝင် ဦးဇော်ဇော်က ပြောသည်။

 

ညောင်ဦးမြို့ ၂၅  ခုတင်ဆံ တိုင်းရင်းဆေးရုံတွင် ပြည်ပပြန် ၁၀ ဦး၊ ပြည်တွင်းပြန် ၂ ဦး စုစုပေါင်း ၁၂ ဦး Quarantine ထားရှိထားပြီး ပြည်တွင်း ၂ ဦးမှာ ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ်ရက် ပြည့်ပြီး ဖြစ်သဖြင့် ပြည်သူ့ကျန်းမာဦးစီးဌာန အနေဖြင့် Quarantine ပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ် ထုတ်ပေးပြီး အိမ်ပြန်ခွင့် ပြုခဲ့ကြောင်း၊ ကျန်ပြည်ပပြန်  ၁၀ ဦးမှာလည်း ကျန်းမာရေး ကောင်းမွန်ကြောင်း ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာဦးစီးဌာန ၊ ဒေါက်တာရွှေစင်ထိုက်က ပြောသည်။

 

ထိုတိုင်းရင်းဆေးရုံရှိ Quarantine ထားရှိသူများနှင့် တာဝန်ကျစေတနာရှင် ပရဟိတအသင်း အဖွဲ့များအား မန္တလေးတိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်မှ လာရောက်အားပေး စကားပြောကြားပြီး တိုင်းရင်းဆေးရုံ Quarantine စင်တာနှင့် ပတ်သက်၍ ဆွေးနွေးပြေားကြားခဲ့ ကြောင်း သိရသည်။

 

 

ကျော်မင်းဦး(ရေနံချောင်း)