၁၅ ဇွန်

 

ပါကစ္စတန်နိုင်ငံတွင် ကျိုင်းကောင်များကြောင့် ကောက်ပဲသီးနှံများ အကြီးအကျယ် ပျက်စီးမှုများ ဖြစ်စေခဲ့ရာ အစိုးရက ကျိုင်းကောင်များ၏ အန္တရာယ်မှ ကာကွယ်ရန်အတွက် စစ်တပ်ကို အသုံးပြုခဲ့သည်။

 

ဘာလူချီစတန်ပြည်နယ် အနောက်တောင်ပိုင်းတွင် ပြီးခဲ့သည့် လကတည်းက  ကျိုင်းကောင်များက ဂျုံ၊ ဝါဂွမ်းနှင့် အခြားလယ်ယာထွက်ကုန် သီးနှံများကို ဖျက်ဆီးပစ်ခဲ့သည်။

 

ကျိုင်းကောင် အများအပြားကို မမြင်နိုင်ဘဲ သီးနှံစိုက်ခင်းများကို နှောင့်ယှက်ဖျက်စီးခဲ့ကြောင်း ကျိုင်းကောင်ကျရောက်ရာ ဒေသများရှိ ရုပ်သံဖိုင်များက ပြသနေသည်။

 

၁၉၉၀ နောက်ပိုင်း ပါကစ္စတန်နိုင်ငံတွင် ကျိုင်းကောင်များ၏ အန္တရာယ် အကြီးမားဆုံးကြုံတွေ့ရခြင်းဖြစ် သည်။

 

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅ဒသမ ၁  ဘီလီယံခန့်ရှိမည်ဟု အစိုးရက ခန့်မှန်းထားလျက် ရှိသည်။

 

ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှုသည် တိုင်းပြည်၏ စားနပ်ရိက္ခာ ဖူလုံမှုအပေါ် ဆိုးကျိုးများ သက်ရောက်လာမည်ကို အာဏာပိုင်များ အနေဖြင့်  စိုးရိမ်လျက်ရှိသည်။

 

ပိုးသတ်ဆေးများကို မြေပြင်နှင့်လေထဲမှ ပက်ဖျန်းပေးလျက်ရှိနေသော်လည်း ကျယ်ပြန့်သည့် ဧရိယာများရှိ ကျိုင်းကောင်များ၏ ကြီးမားသည့် ပမာဏကို သုတ်သင်ရှင်းလင်းရန် ခက်ခဲလျက်ရှိသည်။

 

ကျိုင်းကောင်များ၏ ကူးစက်အန္တရာယ်ကို  ပိုမိုပြင်းထန်သည့် နည်းလမ်းဖြင့် တိုက်ဖျက်ရန် တောင်သူလယ်သမားများက တောင်းဆိုလျက်ရှိသည်။

 

ကျိုင်းကောင်များ၏ ဘေးအန္တရာယ်သည် အာဖရိကအရှေ့ပိုင်းတွင် ကြီးမားစွာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း တောင်အာရှဒေသတစ်လျောက် ကျိုင်းကောင်များ၏  ဘေးအန္တရာယ်က ခြိမ်းခြောက်လျက်ရှိသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်