ဟားခါး  ၁၅  ဇွန်

                       

ချင်းပြည်နယ် ဟားခါးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီ စိုက်ပျိုးစရိတ်များကို မေ ၁၅ ရက်မှ စတင်ထုတ်ပေးလျက်ရှိရာ ဇွန်လ ၁၅ ရက်အထိ ဟားခါးခရိုင်အတွင်းမှ ကျေးရွာအုပ်စုပေါင်း ၃၀ ကျော် တောင်သူဦးရေ ၁၀ဝ၀ ကျော်အတွက် ထုတ်ပေးပြီးခဲ့ကြောင်းနှင့် ယခင်နှစ်များက တစ်နှစ်လျှင် အတိုး ၈ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးရာမှ ယခုနှစ်တွင် အတိုး ၅ ရာခိုင်နှုန်းဖြင့် လျှော့ချ၍ ထုတ်ချေး ပေးလျက် ရှိကြောင်းဟားခါးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဒေါ်ရှန်ဒွေးထံမှ သိရှိရသည်။

 

 “ဟားခါးခရိုင်အတွင်း  တောင်သူများအတွက် မေလ ၁၅ရက်နေ့က စပြီးထုတ်ချေးတာ         ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ဟားခါးမြို့နယ်အတွက် ကျပ်သိန်းပေါင်း ၂၅၅၂ သိန်းနှင့် ထန်တလန် မြို့နယ်အတွက် ကျပ်သိန်းပေါင်း ၂၅၂၁ သိန်းလျာထားခဲ့ပြီး ထပ်မံတောင်းခံငွေ  ကျပ်သိန်းပေါင်း ၁၅၆ သိန်း အပါအဝင် ငွေကျပ်သိန်းစုစုပေါင်း (၅၂၅၉)ကျပ်ကို ထုတ်ချေးမှာ ဖြစ်ပါတယ်။ ဟားခါးမြို့နယ် အတွက် ထုတ်ချေးပြီးစီးခဲ့ပြီးဖြစ်ပါတယ်။ ကျန်တဲ့ ထန်တလန်မြို့နယ်ကိုတော့ ယနေ့အချိန်အထိ ထုတ်ချေးပေးလျက်ရှိပြီး ဇွန်လအတွင်း အပြီးထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။ ချေးငွေထုတ်ချေးရာမှာ ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားမှုအတိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိပါတယ် ဟု ဟားခါးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ရှန်ဒွေးက ပြောပြခဲ့ပါတယ်။

 

ဟားခါးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ဟားခါးခရိုင် အတွင်း ကျေးရွာအုပ်စုပေါင်း ၅၀ကျော်၊ တောင်သူဦးရေ စုစုပေါင်း ၂၇၀ဝကျော်ကို ထုတ်ချေးရန် စုစုပေါင်း ငွေကျပ်သိန်း ၅၂၅၉ သိန်းထုတ်ချေး လျက်ရှိကြောင်း၊ စပါးစိုက်တောင်သူများ အတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အစေ့ထုတ်ပြောင်းစိုက် တောင်သူများအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်း ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)