မြိတ် ၁၅ ဇွန်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၏သမိုင်းဝင်ရေကန်တစ်ခုဖြစ်သည့် မြစ်ငယ်ရပ်ကွက်တွင်တည်ရှိသော ဧက (၂၁.၆၄၀) ရှိ ကန်တော်မင်္ဂလာရေကန် စိမ်းလန်းစိုပြည်ရေးနှင့် သာယာလှပရေးအတွက် အရိပ်ရ ပန်းအလှပင် သပြေဘူတ နှင့် ခရေပင် စုစုပေါင်း အပင် ၂၁၀ ကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးခဲ့ကြသည်။
“ အဓိကကတော့ ရေကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် စိုက်ပျိုးခြင်းဖြစ်ပါ တယ်။ ရေကန်မှာ အများပြည်သူလာရောက်အနားယူ အပန်းဖြေတဲ့အခါ အရိပ်လည်းရအောင် ရေကန် စိမ်းလန်းစိုပြည်အောင် သပြေဘူတအပင် စိုက်ပျိုးတာဟာ ပန်းအလှပင်ဖြစ်တဲ့အတွက် ရေကန်ပတ်လည် သာယာလှပအောင် စိုက်ပျိုးတာဖြစ်ပါတယ်” ဟု စည်ပင်သာယာရေး ကော်မတီ ဉက္ကဋ္ဌ ဦးမြတ်ကိုကို က ပြောသည်။
အရိပ်ရ ပန်းအလှပင်များကို အများပြည်သူအပန်းဖြေအနားယူ ကျန်းမာရေးလမ်းလျှောက်လျက်ရှိသည့် ရေကန်ပတ်လမ်း တလျှောက်တွင် သပြေဘူတအပင်(၁၀ဝ) နှင့် ခရေပင်(၁၁၀) ကို ပေ(၂၀)စီခြား၍ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ ဦးဆောင်၍ စည်ပင်သာယာရေးကော်မတီ၊ စည်ပင် သာယာရေးအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် Clean & Green Myeik အဖွဲ့တို့မှ ရေကန်ပတ်လည်တွင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


