တောင်ကြီး  ၁၅  ဇွန်

 

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၆ ရက်နေ့တွင် အတည်ပြု ပြဌာန်းခဲ့သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ်အား ပြည်သူများနှင့် မော်တော်ယာဉ်မောင်းများ သိရှိလိုက်နာနိုင်စေရန် အတွက် ဥပဒေသစ်စာအုပ်များနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းအား ယနေ့နံနက် (၉)နာရီတွင် တောင်ကြီးမြို့ မြို့မဈေးရှေ့၌ ပြည်သူလူထုအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ၂၀၂၀ပြည့်နှစ်၊ မေလ ၂၆ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေသစ်စာအုပ်နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို တောင်ကြီးမြို့အမှတ်(၁၈)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး ထွန်းနိုင်အောင်၏ ဦးဆောင်မှုဖြင့် DMG(Driving Myanmar Group)၊ ကမ်းလက်မေတ္တာဒါရိုက်တာ ဒေါ်ကိန္နရီ၊ ဦးဝင်းနိုင်စိုး(တရာဥပဒေစိုးမိုးရေးကွန်ယက်)နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များပူးပေါင်း၍  ပြည်သူများနှင့် မော်တော်ယာဉ်မောင်းများ သိရှိစေရန်ဖြန့်ဝေဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ် နှစ်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းအား တောင်ကြီးမြို့တွင် မေလ (၂ )ရက်နေ့တွင် ပထမအကြိမ်၊ ဇွန်လ (၁၀) ရက်နေ့တွင် ဒုတိယအကြိမ်နှင့် ယခုဆောင်ရွက်ခြင်းသည် တတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

 

စိုးညွန့်ရွှေ(ပြန်/ဆက်)