မိတ္ထီလာ ၁၅ ဇွန်
မိတ္ထီလာမြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များအား လိုက်နာပြီး ပြင်ဆင်ဆောင်ရွက်ထားသည့် ဟိုတယ်မိုတယ်လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ရရှိ၍ ဖွင့်လှစ်လုပ်ကိုင်နေပြီဖြစ်ကြောင်း ဒေသခံ ဟိုတယ်မိုတယ်လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။
“မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှူးဦးစီးဌာနက တာဝန်ရှိသူတွေ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီနဲ့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ လာရောက်ကွင်းဆင်း စစ်ဆေးပြီးတဲ့နောက် စည်းကမ်းသတ်မှတ်ချက်နဲ့အညီ ပြင်ဆင်ဆောင်ရွက်ထားတဲ့ ဟိုတယ်မိုတယ်တွေကို ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့်ပြုခဲ့တာပါ။ ဇွန်လ ၁၁ ရက်နေ့ကစတင်ပြီး ဟိုတယ်မိုတယ်လုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုတာမို့ ကျွန်တော်တို့ ဟိုတယ်လည်း ပြန်ဖွင့်ထားပြီဖြစ်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း ကျန်းမာရေးအသိပညာပေး လမ်းညွှန်ဆိုင်းဘုတ်တွေ၊ လက်ဆေးစင်တွေကို စနစ်တကျထားရှိပြီး ဟိုတယ်မှာလာရောက်တည်းခိုတဲ့ ဧည့်သည်တွေကိုလည်း ကိုယ်အပူချိန်တိုင်းခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်တွေနဲ့အညီ ဝန်ဆောင်မှုပေးခြင်းတွေလည်း ဆောင်ရွက်သွားမှာပါ ”ဟု ဟိုတယ်ထီလာ မှ အစားအသောက် စီမံခန့်ခွဲမှုမန်နေဂျာ ဦးဟန်ထွန်း က ပြောသည်။
မိတ္ထီလာမြို့၌ ဟိုတယ်မိုတယ်နှင့် အဆင့်မြင့်တည်းခိုခန်းများ ၃ဝ ကျော်ရှိပြီး ဧပြီလ ၆ ရက်နေ့မှစတင်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်ချုပ်ရေး လုပ်ငန်းအထောက်အကူပြုစေရန် ရည်ရွယ်ချက်ဖြင့် ဟိုတယ်မိုတယ်လုပ်ငန်းများကို လုပ်ကိုင်ခွင့် ယာယီရပ်နားခဲ့ရာမှ ယခုအခါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


