မိတ္ထီလာ ၁၅ ဇွန်
မိတ္ထီလာမြို့ပေါ်ရှိ ဒေသခံများသွားလာရအဆင်ပြေစေရန် စည်ပင်သာယာရေးအဖွဲ့မှ မြို့ပြလမ်း(၂၅) လမ်းကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မိတ္ထီလာမြို့ပေါ်တွင် ရပ်ကွက်(၁၄)ခုမှ ဒေသခံများသွားလာရ အဆင်ပြေစေရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျပ်သိန်း(၁၀ဝ)အောက် လုပ်ငန်းများဖြစ်သည့် မြို့ပြလမ်း(၂၅)လမ်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ၍ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ၍ မြို့ပေါ်လမ်းများ အဆင့်မြှင့်တင်ရာတွင် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း(၅)လမ်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း (၁၀)လမ်း၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၂)လမ်း၊ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း (၄)လမ်းနှင့် ကန့်ကားလမ်းခင်းခြင်းလုပ်ငန်း (၄)လမ်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ယခုဆိုလျှင် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း(၁၃)လမ်း ပြီးစီးနေပြီဖြစ်ပြီး ကျန်ရှိသောလမ်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ အဆိုပါလမ်းခင်းခြင်း လုပ်ငန်းများကို ဇူလိုင်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးမြင့်ဝင်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


