ဟားခါး ၁၅ ဇွန်
ချင်းပြည်နယ် ဟားခါးမြို့ရှိဟားခါးကောလိပ်နယ်မြေအား ဟားခါးတက္ကသိုလ်စုပေါင်းနယ်မြေအဖြစ် အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ရာ တက္ကသိုလ်နယ်မြေ အတွင်း ကဏ္ဍအလိုက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ အဆောက်အအုံများ ဆောက်လုပ်နိုင်ရေး အတွက် ယနေ့ နံနက် ၉ နာရီက ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများက မြေနေရာများကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ဟားခါးတက္ကသိုလ်စုပေါင်းနယ်မြေဇုန် လျာထားမြေဧရိယာအတွင်း တက္ကသိုလ်များအလိုက် လျာထားမြေနေရာများ၊ သင်ကြားရေးအဆောက်အအုံများ ဆောက်လုပ်ရန် လျာထားမြေနေရာများ၊ နည်းပြများနှင့် ဝန်ထမ်းများအိမ်ရာဆောက်လုပ်ရန် လျာထား မြေနေရာများ သတ်မှတ်နိုင်ရေးမြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာ ဟားခါးကောလိပ် ကျောင်းအုပ်ဆရာကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာ လျန်းဇာအုပ်နှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး ဟားခါးကောလိပ်အတွင်း သတ်မှတ်ဘဏ္ဍာရေးနှစ်အလိုက် ဆောက်လုပ်လျက်ရှိသည့် ဘွဲ့နှင်းသဘင်ခန်းမဆောင်နှင့် စာသင်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူ အဆောင်များ တိုးချဲ့ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟားခါးတက္ကသိုလ် စုပေါင်းနယ်မြေအတွင်း စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများအပါဝင် စီမံအုပ်ချုပ်မှုလုပ်ငန်းများကောင်းမွန်စေရေး စနစ်တကျစီမံ ဆောင်ရွက်ထားရှိရန်နှင့် လမ်းညွှန်မှာကြားချက်များအပေါ် အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)


