မော်လမြိုင်ကျွန်း ၁၅ ဇွန်
ဧရာဝတီတိုင်ဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အင်း/တင်ဒါ ပိုက်ချက်များအား၊ ၂၀၂၀-၂၀၂၁ ခုနှစ် လုပ်ငန်းရာသီအတွက် (ဒုတိယ)အကြိမ် လေလံရောင်းချခြင်းကို ဇွန်လ (၁၅)ရက်၊ နံနက်ပိုင်းက မော်လမြိုင်ကျွန်းမြို့နယ်၊ ၁၄လမ်း၊ အမှတ်(၆)ရပ်ကွက်၊ ပုညဝိသုဒ္ဓိသာသနာ့ ဗိမ္မာန်၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာမှ ဝန်ထမ်းများက အင်း/တင်ဒါရောင်းချပွဲသို့ တတ်ရောက် လာသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခြင်း၊ ငါးသယံဇာတထိန်းသိမ်းရေး ပညာပေးလက်ကမ်း စာစောင်များ ဝေငှပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဝါဝါသိန်းမှ တတ်ရောက်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသုံးသောအစားအစာများမှ အာဟာရဓာတ် မျှတစွာရရှိရေး၊ ငါးစားသုံးခြင်းဖြင့် ကျန်းမာစေသော အဆီဓာတ်၊ အိုမီဂါ-၃၊ မပြည့်ဝဆီ၊ ကယ်လဆီယမ်၊ သတ္တုဓာတ်များ ဖြည့်တင်းပေးသည့်အပြင် ငါးတွင်ပါဝင်သော ဗီတာမင်-ဒီနှင့် ဇင့်ဓာတ်တို့မှ ရောဂါပိုးများ ခုခံကာကွယ်ရေးနှင့် ကိုယ်ခံစွမ်းအားကောင်းမွန်ရေးအတွက် အထောက်အပံ့ ဖြစ်စေကြောင်း၊ ငါးကို အဓိက စားသုံးရန်လိုအပ်ကြောင်း၊ ထို့အပြင် ငါးရေရည်စဉ် ဆက်မပြတ်စားသုံးရန်မှာ ငါးသယံဇာတ ထိန်းသိမ်းရေးမှာလည်း အဓိကဖြစ်ကြောင်း၊ ငါးရစ် ငါးသန်ရာသီချိန်မှာ မျိုးဥများနှင့်ပြည့်ဝနေသော ငါးမကြီးများနှင့် ငါးသေးလေးများအား ဖမ်းဆီးခြင်းမပြုလုပ်ရန်လိုအပ်ကြောင်း၊ တားမြစ်ထားသော ငါးဖမ်းနည်းစနစ်/ တားမြစ်ထားသော ငါးဖမ်းကိရိယာများဖြင့် ဖမ်းဆီးခြင်းမှ ရှောင်ရှားရန်လိုကြောင်း၊ ဌာနမှ တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဉပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်၍ အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးထားပြီးဖြစ်ကြောင်းနှင့် အင်း/တင်ဒါ ရောင်းချခြင်းနှင့် ပတ်သက်သော စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အင်း/တင်ဒါပိုက်ချက်များအား လေလံရောင်းချ ဆောင်ရွက်ခဲ့ရာ အင်း(၃၄)အင်း၏ အင်းခွန်ငွေ ကျပ်သိန်းပေါင်း (၁၇၂ ဒသမ ၇၈)သိန်း၊ ယခင်နှစ် အင်းခွန်ငွေထက် ကျပ်သိန်းပေါင်း (၂၆ ဒသမ ၁၀)သိန်း ပိုမိုရရှိ၍၊ တင်ဒါပိုက်ချက်(၄၁)ချက်၏ တင်ဒါငွေ ကျပ်သိန်းပေါင်း (၁၈၂ ဒသမ ၂၄) သိန်းရရှိခဲ့ပြီး၊ ယခင်နှစ် တင်ဒါခွန်ငွေထက် ကျပ်သိန်းပေါင်း (၄၅ ဒသမ ၉၀)သိန်း ပိုမိုရရှိခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)


