ရန်ကုန်  ၁၅  ဇွန်

ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံစားသောက်ကုန်များ၌ အရေးပါသော ရေထွက်ပစ္စည်းများကို ငါးမွေးတောင်သူတို့ တစ်ပိုင်တစ်နိုင်မွေးမြူမှုဖြင့် ကျေးလက်လူမှုစီးပွားကို အထောက်အကူပြုလျက်ရှိရာ ထန်းတပင်မြို့နယ်၊ ဆတ်ကလေးကျေးရွာမှ ငါးမွေးတောင်သူများ ထုတ်လုပ်ဖြန့်ချိလျက် မွေးမြူရေး အောင်မြင်လျက်ရှိကြောင်း သိရသည်။

 

တစ်ဧကအကျယ်တွင် အနက်(၆)ပေတူးထားသော ငါးကန်၌ ငါးတန်နှင့် ငါးမုန့်သားပေါက်(၄)လက်မ အရွယ်တစ်ကောင်လျှင် ငွေကျပ်(၈၀)၊ (၉၀)ဖြင့် (၃)သားပေါက်စခန်းများမှ ဝယ်ယူ၍ကောင်ရေ ၃၀၀၀  မွေးမြူကာ တစ်နှစ်ပြည့်ပါက အချိန် ၁ ပိဿာ ၃၀ ကျပ်သားမှ ၁ ပိဿာ ၇၀ ကျပ်သား အရွယ်၌ ကြည့်မြင်တိုင်ငါးဈေးနှင့် ရွှေပိတောက်ငါးဈေးတို့တွင် ပြည်တွင်းစားသုံးမှုအတွက် တင်ပို့ရောင်းချလျက် ရှိသည်။

 

ကိုဗစ်- ၁၉ ရောဂါကာလမှာ ငါးဈေးနည်းနည်း ကျသွားပြီးတော့ နယ်ပို့ကုန်နည်းသွားတာလည်း ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မွေးမြူရေးသမားတွေအနေနဲ့ လုပ်ငန်းရပ်လို့တော့မရဘူး။ အချိတ်အဆက်မိအောင် ဆက်ပြီးမွေးရတယ်။ အရင်းရတာရှိသလို အမြတ်များတဲ့အခါလည်း ရှိတယ်။ ဒီနှစ်အမြတ်နည်းပေမယ့် လာမယ့်ရာသီမှာ ဈေးကောင်းရမှာပါ။ အရင်းအနှီးကတစ်ဧကကို ငွေကျပ် ၆၅ သိန်းရှိမယ်၊ တစ်ကန်ကို ငွေကျပ် ၁၀ သိန်းနီးပါး မြတ်တယ်။ ငါးမွေးတာင်သူတွေ အနေနဲ့ တစ်ပိုင်တစ်နိုင်မွေးမြူမှုကို တစ်စိုက်မတ်မတ် လုပ်ဆောင်မယ်ဆိုရင် စီးပွားရေးအောင်မြင်တဲ့ လုပ်ငန်းတစ်ခုဆိုရင်လည်း မမှားပါဘူးဟု ငါးကန်ဧက(၃၀) မွေးမြူထားသော ဆတ်ကလေးကျေးရွာမှ ဦးဝေဖြိုးအောင်က ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးရာသီစပါး စိုက်ပျိုးမှုအပြင် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်းများ လည်းရှိရာ တစ်ဧကလျှင် ငါးတန်ချိန်(၃၅၀၀)မှ (၄၀၀၀)ထိ ထွက်ရှိပြီး ဈေးကွက်ဝင်ဆိုက်မှာ ၂ ဆိုက် ဖြစ်သော ၁ ပိဿာ ၇၀  ဆိုက်ဖြစ်သည်။ ငါးတန်ကိုဒေသတွင်း စားသုံးမှုအပြင် ငါးခြောက်ပြုလုပ်၍ ပြည်ပတင်ပို့လျှက်ရှိပြီး ငါးမုန့်မှာ စားသောက်ဆိုင်၊ ဟိုတည်များနှင့် အခြားသောတိုင်းဒေသကြီးတို့တွင် ဈေးကွင်ဝင် ရေထွက်ပစ္စည်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါမဖြစ်မီက ငါးတန်တစ်ပိဿာလျှင် ငွေကျပ် ၂၃၀၀ ဈေးရှိပြီး ယနေ့ငါးတန် တစ်ပိဿာလျှင် ငွေကျပ် ၂၁၀၀ နှင့် ငါးခြောက်အတွက် တစ်ပိဿာ ငွေကျပ် ၁၉၀၀ ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ယခုရာသီသည် ပင်လယ်ပြင် ငါးဖမ်းဆီးမှု ပိတ်သော ရာသီဖြစ်ရာ ရေချိုကုန်ပစ္စည်း ဈေးကောင်းရသော အချိန်ဖြစ်သော်လည်း နယ်မှကုန်မှာယူမှု လျော့ကျလာခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာလတွင် ရောင်းလိုအားနှင့် ဝယ်လိုအားပြောင်းလဲမှု ရှိ၍ အမြတ်ရရှိမှုပြောင်းလဲခြင်း ဖြစ်ကြောင်း သိရသည်။

 

ထန်းတပင်မြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီးနှင့် ကပ်လျှက်ရှိပြီး ရာသီလိုက်စိုက်ပျိုးရေးအပြင် ငါးမွေးမြူရေး လုပ်ငန်းဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူမှုကို အထောက်အပံ့ဖြစ်စေလျှက်ရှိရာ တစ်ပိုင်တစ်နိုင်ငါးမွေးကန်များ၌ ငါးတန်၊ငါးမြစ်ချင်း၊ ငါးမုန့်တို့ကို တစ်နှစ်တစ်ကြိမ် ဖော်၍တင်ပို့ရောင်းချလျက်ရှိပြီး သုံးလတစ်ကြိမ် ဈေးကွက်ဝင်သော ငါးခေါင်းပွ၊ ငါးခူနှင့် ငါးပြေမတို့ကိုလည်း မွေးမြူလျက်ရှိကာ စပါးစိုက်ပျိုးမှုနှင့် ခြံလုပ်ငန်းများသော ရန်ကုန်တိုင်း ဒေသကြီးတွင် ကျေးလက်ဒေသအချို့၌ တစ်ပိုင်တစ်နိုင် ငါးတန်၊ ငါးမုန့်၊ ငါးမြစ်ချင်းနှစ်ပေါင် မွေးမြူသော ငါးမွေးမြူရေး လုပ်ငန်းများ ထုတ်လုပ်ဖြန့်ချိမှု အောင်မြင်လျက်ရှိကြောင်း သိရသည်။

သန်းထိုက်