ဝမ်းတွင်း  ၁၅  ဇွန်

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြိုနယ်တွင် ရက်ကန်းလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင် လာကြသော်လည်း ထွက်ရှိလာသည့်အထည်များကို မှာယူသူနည်းပါးလျက်ရှိကြောင်း သိရသည်။

 

“အရင်က တစ်ရက်အထည် ၁၀၀၀ ထွက်ရင် ကွင်း ၁၀၀၀ လုံးကုန်တယ်၊ ယခုမကုန်ဘူး၊ အထည်တွေက ပုံနေတယ်၊ ဝယ်လိုအားပေါ်မူတည်ပြီး ရက်ကန်းတစ်စင် တစ်ရက်(၁၅)ကွင်း ထွက်တာကို (၅)ကွင်းပဲ အထွက်ဖြစ်အောင် လူခွဲ၊ အချိန်ခွဲပြီး ခတ်နေရတယ်၊ ကိုယ်စက်ရုံမှာလုပ်နေတဲ့ အလုပ်သမား မိသားစုတွေရဲ့ စားဝတ်နေရေးကိုကြည့်ပြီး လုပ်ငန်းလည်ပတ်နေရတာပေါ့၊ မြို့ရဲ့ အဓိကစီးပွားရေးလုပ်ငန်းက ရက်ကန်းလုပ်ငန်း ဖြစ်တာကြောင့် လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်မှသာ မိသားစုဘဝများ အဆင်ပြေမှာဖြစ်လို့ လုပ်ငန်းများ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ မျှော်လင့်ကြောင်း” သဇင်ဖြူအထည်စက်ပိုင်ရှင် ကိုရန်မျိုးအောင်က ပြောသည်။

 

ဝမ်းတွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလ ရပ်နားထားသော ရက်ကန်းလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်လျက်ရှိရာ လုပ်ငန်းများမှ ထွက်ရှိလာတဲ့အထည်များကို ဝယ်ယူသူနည်းပါးခြင်းကြောင့် လုပ်ငန်းများ အဆင်ပြေမှု မရှိသေး ကြောင်း ၎င်းကပြောသည်။

 

ဝမ်းတွင်းမြို့ရှိ ရက်ကန်းစက်ရုံများနှင့် TEHTILE–EMB စက်ထိုးအလှဆင် စက်ရုံများမှထွက်ရှိသော အထည်များကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ်၊ ပွင့်ဖြု၊ မကွေး စသည့်မြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိပြီး အထည်အရည်သွေးပေါ် မူတည်ပြီး ၃၂၀၀ မှ ၄၀၀၀ ကျပ်ထိဈေးရကြောင်း၊ စက်ပန်းထိုးအထည်များအနေဖြင့် တစ်ကွင်းလျှင် ၇၀၀၀ မှ ၃၀၀၀၀ ကျပ်ထိ ဈေးရှိကြောင်း သိရသည်။                                                                    

ဌေးလှိုင်(ဝမ်းတွင်း)