နေပြည်တော် ၁၅ ဇွန်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Kristian Schmidt ဦးဆောင်သောအဖွဲ့နှင့် ယနေ့နံနက်ပိုင်းတွင် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို Video Conferencing ဖြင့် ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အမျိုးသားပညာရေးကဏ္ဍဆိုင်ရာ ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးစီမံချက်ကို မေလတွင် ရေးဆွဲပြီးစီးခဲ့ပါကြောင်း၊ အထက်တန်းကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် ဖွင့်လှစ်ရန်လျာထားပြီး လိုအပ်ချက်များနှင့် အားနည်းချက်များအပေါ်မူတည်၍ ပြင်ဆင်ကာ အလယ်တန်း အဆင့်၊ မူလတန်းအဆင့်ကျောင်းများကို တစ်ဆင့်ချင်းဖွင့်လှစ်သွားရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေး အသိပညာပေးသင်တန်းနှင့် Grade 4,7,10 သင်ရိုးသစ် သင်ကြားသင်ယူမှု နည်းစနစ်များအတွက် အွန်လိုင်းသင်တန်းနှင့် ၅ ရက်ကြာ ကိုယ်တိုင်တက်ရောက်သင်ယူသော သင်တန်းများကို ပို့ချလျက်ရှိပါကြောင်း၊ နိုင်ငံတစ်ဝန်းမှ ဆရာ၊ ဆရာမ သုံးသောင်းငါးထောင်ကျော်အတွက် နည်းပြဆရာသင်တန်းများကို မြန်မာဒီဂျစ်တယ် ပညာရေးပလက်ဖောင်း (MDEP) အစီအစဉ်ဖြင့် ပို့ချလျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများကို လျော့နည်းသက်သာစေရန် ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီး ဌာနများ၏ ကြိုးပမ်းအားထုတ်မှုကို ပိုမိုသိရှိနားလည်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးနှင့် ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ခိုင်အောင်တို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Kristian Schmidt က အမှာစကား ပြောကြားသည်။
ဆက်လက်၍ ကိုဗစ်-၁၉ တုန့်ပြန်ရေးအတွက် ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ထောက်ခံအကြံပြုချက်များအပေါ် ဆောင်ရွက်နေမှု၊ ဗဟိုချုပ်ကိုင်မှု လျှော့ချလျက် တိုင်းဒေသကြီး ပြည်နယ်များသို့ ဘတ်ဂျက်ခွဲဝေမှုများနှင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း-၂ (၂၀၂၁-၂၀၃၀) ရေးဆွဲမှုတို့ကို ဆွေးနွေးကြပြီး ဥရောပသမဂ္ဂ၏ အကူအညီဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


