ကျောက်ဆည် ၁၅ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ယနေ့ နံနက် ၉ နာရီက စိုက်ပျိုးရေးသုံးမြေဩဇာများ၊ မျိုးစေ့များနှင့် ပိုးသတ်ဆေးဆိုင်များအား တရားဝင်ရောင်းချခွင့်လိုင်စင်ရှိ မရှိနှင့် တားမြစ်၊ ကန့်သတ်၊ ပိတ်ပင်ထားသည့်ပစ္စည်းများ၊ သတ်တမ်းလွန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် တာဝန်ရှိသူများက တောင်သူများအတွက် မြေဩဇာများ၊ ပိုးသတ်ဆေးများနှင့်၊ မျိုးစေ့အမျိုးမျိုး ရောင်းချနေသည့်ဆိုင်များအား ကွင်းဆင်းပြီး ပစ္စည်းများစနစ်တကျ ထားသိုခြင်းရှိ/မရှိ၊ မှတ်ပုံတင်ပစ္စည်းများသာ ရောင်းချရန်နှင့် သတ်တမ်းလွန် ပစ္စည်းများ ထားရှိရောင်းချမှုမရှိစေရေး စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် မြေဩဇာအရောင်းဆိုင် ၇၂ ဆိုင်၊ မျိုးစေ့အရောင်းဆိုင် ၂၀ ဆိုင်၊ ပိုးသတ်ဆေးအရောင်းဆိုင် ၇၂ ဆိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မြေဩဇာအရောင်းဆိုင် ၃၈ ဆိုင်၊ မျိုးစေ့အရောင်းဆိုင် ၁၄ ဆိုင်၊ ပိုးသတ်ဆေး အရောင်းဆိုင် ၃၆ ဆိုင်၊ မြစ်သားမြို့နယ်တွင် မြေဩဇာအရောင်းဆိုင် ၆၃ ဆိုင်၊ မျိုးစေ့အရောင်းဆိုင် ၃ ဆိုင်၊ ပိုးသတ်ဆေးအရောင်းဆိုင် ၆၄ ဆိုင်၊ တံတားဦးမြို့နယ်တွင် မြေဩဇာအရောင်းဆိုင် ၁၆ ဆိုင်၊ ပိုးသတ်ဆေး အရောင်းဆိုင် ၉ ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး တားမြစ်ပစ္စည်းများ ရောင်းချမှုမရှိစေရေး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးနိုင် ထံမှ သိရသည်။
သက်မောင်(ပြန်/ဆက်)


