နေပြည်တော် ၁၅ ဇွန်
ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် တို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးတင်မြင့်က ဝန်ကြီးဌာနရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို “ပြုပြင်ပြောင်းလဲမှုအစ ထွေအုပ်က” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူဗဟိုပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရန်နှင့် ထိရောက်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၄)နှစ်တာကာလအတွင်း ပြည်သူ့အကျိုးပြုဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ နိုင်ငံတော်အစိုးရ၏ မူဝါဒများ အကောင်အထည်ဖော်ရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်ဖော်ဆောင်ရေးနှင့် ပြည်သူဗဟိုပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးဟူသည့် ဌာန၏ ရည်မှန်းချက် (၄) ရပ်၊ “ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေး” ဟူ သည့် ဌာန၏မျှော်မှန်းချက်တို့နှင့်အညီ အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အဓိက လုပ်ငန်းတာဝန်များဖြစ်သော မြေယာ စီမံခန့်ခွဲခြင်း၊ ယစ်မျိုးစီမံခန့်ခွဲခြင်း၊ အခွန်(၄)မျိုးကောက်ခံခြင်း၊ မြို့နှင့် ကျေးရွာမြေများ စနစ်တကျဖွဲ့စည်းခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ အသင်းအဖွဲ့များ ဥပဒေနှင့်အညီ မှတ်ပုံတင်ခြင်း၊ ဂုဏ်ထူးဆောင်ဘွဲ့/တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေဆိုင်ရာလုပ်ငန်းများအပြင် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနတို့မှ ပေးအပ်သော လုပ်ငန်းတာဝန်များ၊ အခြားဝန်ကြီးဌာနများမှ လွှဲပြောင်းပေးသော လုပ်ငန်းတာဝန်များကို ဦးစီးဌာန၏ ရည်မှန်းချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
စတုတ္ထ (၁) နှစ်တာကာလအတွင်း ပြည်သူများအနေဖြင့် ပိုင်ဆိုင်မှု အထောက်အထား ကင်းမဲ့စွာ နေထိုင်ရခြင်းအစား ခိုင်မာသည့် တရားဝင် အထောက်အထားဖြစ်သည့် မြေငှား ဂရန်များရရှိပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုများ ရရှိစေရန်နှင့် စီးပွားရေး လုပ်ငန်း များကို စိတ်အေးချမ်းသာစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေလွှဲကိစ္စရပ် ၁၇၅ မှုနှင့် မြေငှားဂရန် ၁၆၂၃၇ ခု တို့ကို ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် သာသနာရေးဆိုင်ရာ ကိစ္စရပ်များတွင် အသုံးပြုနိုင်ရန် အတွက် အခွန်လွတ်သာသနာ့ဂရန် ၁၀၂ ခုနှင့် ဗဒ္ဓသိမ် ၅၂ ခု တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
ထို့ပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် မြေခွန်၊ ယစ်မျိုးခွန်၊ တာတမံခွန်နှင့် ဓာတ်သတ္တုခွန် ဆိုသည့် အခွန်(၄)မျိုးကောက်ခံရာတွင် လျာထားချက် ပြည့်မီကျော်လွန်အောင် ကောက်ခံရေး ဟူသော ရည်မှန်းချက် နှင့်အညီ ဆောင်ရွက် လျက်ရှိရာ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် မတ်လအထိ လျာထားချက်၏ ၇၁ ရာခိုင်နှုန်းကျော်ကို ကောက်ခံနိုင်ခဲ့ပါကြောင်း။
ပြည်သူကိုဗဟိုပြုပြီး ပြည်သူတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် မြို့နယ်များတွင် ပြည်သူ့ဝန်ဆောင်မှုရုံးများ ဖွင့်လှစ်ထားရှိပြီး ဌာနပေါင်း ၂၇ ခုမှ ဝန်ဆောင်မှု အမျိုး အစားပေါင်း ၁၅၆ မျိုးကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်အတွင်း ဝန်ဆောင်မှုပေါင်း ၁၃၉၉၀၇၄ ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြို့နယ်များနှင့် အလှမ်းကွာဝေးသည့် ကျေးရွာများသို့ ရွေ့လျားဝန်ဆောင်မှု (Mobile Service Delivery) ဖြင့် ၁၈၆၅ ကြိမ် ကွင်းဆင်းဆောင်ရွက်ကာ ဝန်ဆောင်မှုပေါင်း ၁၉၆၁၁၅ ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း။
ထို့ပြင် နိုင်ငံအတွင်းရှိ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် မြေသိမ်းဆည်းမှုပြဿနာများကို လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ကော်မတီ၏ ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်၍ ကော်မတီ၏ မူဝါဒ၊ လုပ်ငန်းစဉ် ၅၂ ချက်နှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိရာ လက်ရှိအစိုးရ ကာလတွင် စိုက်ပျိုးမြေ ၃၂၉၉၅ ဒသမ ၁၄၉ ဧကနှင့် အခြားမြေ ၈၀၆၁၄ ဒသမ ၀၉၃ ဧက စုစုပေါင်း ၁၁၃၆၀၉ ဒသမ ၂၄၂ ဧကကို ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်/ မြို့ အဆင့်ဆင့်အထိ လက်လှမ်းမီသော အုပ်ချုပ်ရေးအဖွဲ့အစည်း တစ်ရပ်ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူ၍ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပါအဝင် ကဏ္ဍစုံတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
ကမ္ဘာအနှံ့ကူးစက်ပြန့်ပွားလျက်ရှိသည့် Coronavirus Disease 2019 (COVID-19) ရောဂါနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီတွင် အဖွဲ့ဝင်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတွင် အတွင်းရေးမှူးအဖြစ် လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၊ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) လုပ်ငန်းများ၊ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ခြင်းလုပ်ငန်းများ၊ ပြည်ပမှ ပြန်လည်ဝင်ရောက် လာသူများကို စိစစ်လက်ခံခြင်းနှင့် သက်ဆိုင်ရာဒေသများသို့ ပို့ဆောင်ခြင်းလုပ်ငန်းများ အပါအဝင် အခြားသော လုပ်ငန်းကဏ္ဍအသီးသီးတွင် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်/ ကျေးရွာအုပ်စု အဆင့်ဆင့်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ပြည်သူ့အကျိုး၊ နယ်မြေအကျိုးကို ရှေ့ရှုကာ ပေးအပ်သော လုပ်ငန်းတာဝန်များကို အခက်အခဲများကြားက ကျေပွန်စွာ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသည် “ပြည်သူနှင့်အတူ” “Together with the people” ဟူသည့် နိုင်ငံတော်အစိုးရ၏ ဆောင်ပုဒ်နှင့်အညီ ကောင်းမွန်သော အုပ်ချုပ်မှု စနစ် ပီပြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူလူထုကို ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပုံမှန်လုပ်ငန်းတာဝန်များအနက် မြေယာစီမံခန့်ခွဲရေး နှင့် စပ်လျဉ်းပြီး နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးရှိ မြို့တော်စည်ပင်သာယာရေး နယ်နိမိတ် မှအပ နိုင်ငံတော်အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကို “မြေယာစီမံခန့်ခွဲမှု ဥပဒေနှင့်အညီ ဖြစ်စေရေး” ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေသိမ်းခြင်း၊ မြေလွှဲပေးခြင်း၊ မြေငှားဂရန်ထုတ်ပေးခြင်း၊ သုဿာန်မြေ/ စားကျက်မြေ/ ကျေးရွာဘုံမြေ သတ်မှတ်ခြင်းနှင့် ပယ်ဖျက်ခြင်း၊ မြေယာအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက အသုံးမပြုသောမြေများကို ပြန်လည်စွန့်လွှတ်အပ်နှံမှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း၊ နိုင်ငံခြားသားပိုင် မရွှေ့မပြောင်းနိုင်သော မြေယာကိစ္စရပ်များကို စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိပါကြောင်း။
ယစ်မျိုးစီမံခန့်ခွဲခြင်း နှင့်ပတ်သက်ပြီး “ယစ်မျိုးစီမံခန့်ခွဲမှု စနစ်တကျ ဖြစ်စေရေး” ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ယစ်မျိုးမူဝါဒများနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိရာမှာ အစီရင်ခံသည့်ကာလအတွင်း တစ်နိုင်ငံလုံးတွင် ယစ်မျိုး လိုင်စင်အရေအတွက် ၄၁၁၃၁ ခုကို ခွင့်ပြုချထားပေးခဲ့ပြီး ဖြစ်ပါကြောင်း။
နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ အပြည့်အဝရရှိစေရန်၊ လိုင်စင်မဲ့ ဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ စနစ်တကျအရေးယူနိုင်ရန်အတွက် ယစ်မျိုးလိုင်စင်ခွန် များ တိုးမြှင့်ကောက်ခံရေးနှင့် စိစစ်ကြပ်မတ်ရေးအဖွဲ့ (Task Force) များကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ဗဟိုအဆင့်များ ဖွဲ့စည်း၍ ပညာပေးဆွေးနွေးခြင်းနည်းလမ်း၊ စီမံခန့်ခွဲရေးနည်းလမ်း၊ အုပ်ချုပ်ရေးနည်းလမ်းများဖြင့် အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက် လျက်ရှိပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် “ပြုပြင်ပြောင်းလဲမှုအစ ထွေအုပ်က” ဆောင်ပုဒ်ကိုချမှတ်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ သက်ဆိုင်ရာနယ်ပယ် များအလိုက် ကျွမ်းကျင်ပညာရှင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင် အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို (၂)ကြိမ်ကျင်းပခဲ့ပါကြောင်း၊ ယင်းအလုပ်ရုံ ဆွေးနွေးပွဲများ၏ ဆွေးနွေးအကြံပြု ချက်များ၊ ပြည်ထောင်စုဝန်ကြီး၏ အကြံပေးအဖွဲ့၏ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ကွင်း ဆင်းလေ့လာမှု အစီရင်ခံစာပါ အကြံပြုချက်များ၊ ပြည်ပလေ့လာရေးခရီးစဉ်မှ သင်ခန်းစာများ အပေါ် အခြေခံပြီး အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးမူဘောင် (၂၀၁၉)ကို ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းပြုပြင်ပြောင်းလဲရေး မူဘောင်သည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (၂၀၁၈ - ၂၀၃၀) ၏ မဟာဗျူဟာများနှင့် ချိတ်ဆက်ရေးဆွဲထားခြင်းဖြစ်ပါ ကြောင်း၊ မဟာဗျူဟာ ရည်မှန်းချက်အနေဖြင့် “အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူ နှင့်အတူ” ဟူသော ဆောင်ပုဒ်နှင့်အညီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို စံနမူနာပြ ဆောင်ရွက်နိုင်ရန် အတွက် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ လုပ်ထုံးလုပ်နည်းနှင့် စီမံခန့် ခွဲမှုဆိုင်ရာ ပြုပြင် ပြောင်းလဲရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လုပ်နည်းစနစ်ကောင်းများ တည်ဆောက်ရေးဆိုသည့် ဦးစားပေးလုပ်ငန်းစဉ် (၃)ရပ်ကို အခြေခံကာ နယ်ပယ်(၆)ခုနှင့် မျှော်မှန်းရလဒ် (၁၅) ခုတို့ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူနှင့်အတူ “Together with the People” ဟူသော နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးနှင့် ဌာနဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားအောင် ဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူလူထုကို ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက အထွေအထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး မူဘောင်(၂၀၁၉)ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ကိုဗစ်-၁၉ ဖြစ်ပွားနေ သည့် ကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်မှု ရှိ၊ မရှိ နှင့်စပ်လျဉ်း၍ မေးမြန်းရာ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးထက်အောင် က အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု မူဘောင် (၂၀၁၉) ကို “ပြည်သူနှင့်အတူ” ဟူသည့် မူဝါဒနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်နိုင် ရန်အတွက် အခြေခံထားပါကြောင်း၊ အဆိုပါ မူဘောင်ကို ဗဟိုဦးစီးစနစ်နှင့် ရေးဆွဲခြင်း မဟုတ်ဘဲ ပြုပြင်ပြောင်းလဲမူဘောင်နှင့် သက်ဆိုင်သည့် ပါဝင်ပါတ်သက်သူ အားလုံးပါဝင် သည့် အလုပ်ရုံဆွေးနွေးပွဲများကို ပြုလုပ်၍ အလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် ထွက်လာသည့် အကြံပြုချက်များ နှင့်အညီ ရေးဆွဲခဲ့ပါကြောင်း၊ ထို့ပြင် မူဘောင်ကို MSDP နှင့် ချိတ်ဆက် ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း။
မူဘောင်သည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ၃ ရပ်ကို အဓိကထားပြီး လုပ်ငန်း နယ်ပယ် ၆ ခုပါဝင်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ခြင်းသည် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနအနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးရာတွင် နယ်ပယ်ကဏ္ဍ သတ်သတ် မှတ်မှတ် ရှိစေလိုသည့်အတွက် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်သဖြင့် အုပ်ချုပ်ရေးတွင် အခြေခံအဆင့်ဖြစ်သည့် ရပ်ကွက်၊ ကျေးရွာ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန် ဆောင်ရွက် ခဲ့ပါကြောင်း၊ အုပ်ချုပ်ရေးပညာ ဖွံ့ဖြိုးမှုသင်တန်းကျောင်း အဆင့်မြှင့်တင်ရေးကိုလည်း ဆောင် ရွက်ခဲ့ပါကြောင်း၊ ၎င်းတို့သည် ဌာနအနေဖြင့် ဆောင်ရွက်ရသည့် အပိုင်းများ ဖြစ်ပါကြောင်း။
“ပြည်သူနှင့်အတူ” ဆောင်ရွက်ရမည့် နယ်ပယ်များတွင် ပြည်သူများ၏ ပါဝင်မှု၊ ပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများ မြင့်တက်လာစေရန် မျှော်မှန်းရလဒ် များထားရှိ၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို အထောက်အကူ ဖြစ်စေရန် အတွက် ဆောင်ရွက်ခဲ့ပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးဌာနရုံးများသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ အတွင်းရေးမှူးရုံးများ ဖြစ်သည် နှင့်အညီ နိုင်ငံတော်၏ မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် တစ်ခု သို့မဟုတ် မြို့နယ်တစ်ခု စီမံကိန်းကို ရှေ့ပြေးစီမံကိန်းတစ်ခုအနေဖြင့် ထည့်သွင်းရေးဆွဲခဲ့ပါကြောင်း၊ ထိုသို့ ရေးဆွဲခဲ့ခြင်းမှာ ပြုပြင်ပြောင်းလဲရာတွင် စံနမူနာပြဖြစ်အောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလတွင် ဦးစီးဌာနအနေဖြင့် ပြုပြင်ပြောင်းလဲ ဆောင် ရွက်ရမည့် ကိစ္စရပ်များသည် ရပ်တန့်မနေပါကြောင်း၊ ဌာနမှ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ယခု ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးများ လက်စွဲစာစောင်ကို ပြုစုဖြန့်ဝေရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် ပြည်သူအသံများ နားထောင်နိုင်မည့် လူထုတွေ့ဆုံပွဲများ စနစ်တကျ ကျင်းပနိုင် ရေးသည် အရေးကြီးသည့်အတွက် ဦးစီးဌာနအနေဖြင့် ပါဝင်သင့် ပါဝင်ထိုက်သူများ၊ CSO များ၊ မြို့နယ်လူမှုအဖွဲ့အစည်းများ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပကာ အစီအမံများကို ရေးဆွဲခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း ဝန်ထမ်းများအနေဖြင့် စစ်ဆေးကုသရေးလုပ်ငန်းများမှလွဲ၍ ကျန်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းစဉ် အားလုံးတွင် ပါဝင်ဆောင်ရွက်နေပါကြောင်း၊ ဌာန၏ လုပ်ငန်းများကို ကိုဗစ်-၁၉ နှင့်အတူ လုပ်ဆောင်၍ ရသမျှ လုပ်ဆောင်သွားနိုင်ရန် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးကာ နည်းလမ်းများ ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ သတင်းမီဒီယာများက ကိုဗစ်-၁၉ ကာလအတွင်း ဝန်ထမ်းများကို ချေးငွေထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် ရှယ်ရာများပိုင်ဆိုင်သည့် အစိုးရဝန်ထမ်းများ၊ အမှုထမ်းများအနေဖြင့် နိုင်ငံ့တာဝန်နှင့် ၎င်းတို့၏ အကျိုးစီးပွားရော ထွေးမှု မရှိအောင်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ မလိုက်နာသည့်အတွက် အရေးယူ ခြင်းများ ရှိ/မရှိ၊ အခြေခံလူတန်းစားများကို ထောက်ပံ့ခဲ့မှုနှင့် ပတ်သက်သည့် စာရင်းဇယား များ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် စစ်ဆေးရန် အစီအစဉ် ရှိ/မရှိ၊ ရခိုင်ပြည်နယ်၌ အုပ်ချုပ်ရေးယန္တရားအပေါ် စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်နေမှု၊ အိမ်နီးချင်း နိုင်ငံများနှင့် နှစ်နိုင်ငံအကြား နယ်နိမိတ်များ ပြန်လည်တိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ သိမ်းဆည်းခံမြေယာများ နှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်နေမှု တို့ကို မေးမြန်းကြရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်နှင့် တာဝန်ရှိသူများ က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
(သတင်းစဉ်)


