နေပြည်တော် ၁၅ ဇွန်
ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ် တို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှု နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ဝန်ကြီးဌာနရှိ အဆောက်အဦ ဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ စံချိန် စံညွှန်းများ တစ်ပြေးညီဖြစ်ရန်၊ လက်ရာလက်သားများကောင်းမွန်ရန်နှင့် အရည်အသွေးများ ကောင်းမွန်ရန်အတွက် အဆောက်အအုံ ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ Building Construction Industry Development Law (BCID-Law) ကို ပြည်ထောင်စု လွှတ်တော်သို့ ရေးဆွဲတင်ပြထားပါကြောင်း၊ လွှတ်တော်က အတည်ပြုပြီးပါ က BCID-Law သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံကာ စံချိန်စံညွန်းများကို တစ်ပြေးညီ ထုတ်ပြန်သွားရန်ရှိပါကြောင်း။
အဆိုပါ BCID-Law အတည်ပြုပြီးပါက မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စည်းမျဉ်း များ Myanmar National Building Code (MNBC) ကို UN-Habitat အကူအညီဖြင့် ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့က ပူးပေါင်းရေးဆွဲကာ အင်္ဂလိပ်ဘာသာနှင့် ပြုစုပြီး၍ မြန်မာဘာသာ ပြန်ဆိုနေမှုမှာ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည့်အတွက် မကြာမီ တစ်နိုင်ငံလုံးသို့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း။
အလားတူ BCID-Law နှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းများ လက်ကိုင်ထားရမည့် ဆောက်လုပ်ရေး၊ မီးသတ်၊ ဘေးကင်းလုံခြုံရေးများနှင့် ပတ်သက်သည့် Manual များကို ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် ရေးဆွဲထားပါကြောင်း၊ ၎င်းကိုလည်း BCID-Law ထုတ်ပြန် ပြီးပါက ညွှန်ကြားချက်အနေဖြင့် ထုတ်ပြန်ရန် အတွဲလိုက်ပြုစုထားပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ ရေရှည်တွင် အဆောက်အဦများ အရည်အသွေး တစ်ပြေးညီဖြစ်ရန်၊ အရည်အသွေးကောင်းမွန်ရန်နှင့် အချိန်မီပြီးစီးရန် လမ်းညွန်ချက်များ ကို ဆက်လက် ထုတ်ပြန်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့အနေဖြင့် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ထူးထူးခြားခြား တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရန်ကုန် - မန္တလေး အမြန် လမ်းမပေါ်တွင် ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်များ အတွင်း အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်သဖြင့် ၂၀၁၆ ခုနှစ်က တစ်နေ့လျှင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး သုံးစွဲသည့် ယာဉ်အစီးရေသည် ၃၀၀၀ ကျော်ရှိပြီး တစ်နှစ်ပတ်လုံးတွင် ယာဉ်မတော်တဆမှု ၇၀၀ ကျော်ခန့်၊ သေဆုံးမှု ၁၇၀ ကျော်ခန့်ရှိခဲ့ပါ ကြောင်း၊ လေးနှစ်တာကာလအတွင်း လမ်းလယ်ကျွန်းအမြင့်များကို အနိမ့်အဖြစ် ပြောင်းလဲခြင်းနှင့် လမ်းအားနည်းချက်များ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့သဖြင့် ၂၀၁၉ ခုနှစ်တွင် တစ်နေ့လျှင် ယာဉ်အစီးရေသည် ၅၀၀၀ ကျော် တိုးတက်သုံးစွဲလာ သော်လည်း တစ်နှစ်လုံးတွင် ယာဉ်မတော်တဆမှု ၅၀၀ ကျော်ခန့်နှင့် သေဆုံးမှု ၁၀၈ ဦးသာရှိ ပါကြောင်း၊ ယာဉ်အစီးရေ တိုးတက်သုံးစွဲခဲ့သော် လည်း ယာဉ်တိုက်မှုနှင့် သေဆုံးမှု ကျဆင်း လာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အမြန်လမ်း အဆင့်မြှင့်တင်သည့် လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
လမ်းဦးစီးဌာနအနေဖြင့် လက်ရှိဖြစ်ပေါ်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ပြည်သူလူထုကို တစ်ဖက် တစ်လှမ်းမှ သက်သာချောင်ချိရေးဖြစ်စေရန် ရည်ရွယ်ကာ နိုင်ငံပိုင်တံတား ၆၂ စင်းနှင့် ဌာနမှ ကောက်ခံသော လမ်းဂိတ် ၂၄ ဂိတ် စုစုပေါင်း ၈၆ ခုတို့၏ လမ်း/တံတား အသုံးပြုခ ကောက်ခံ နှုန်းထားများကို ၅၀ ရာခိုင်နှုန်းအထိ ဖြေလျော့ကောက်ခံခြင်းကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁ ရက် မှ နိုဝင်ဘာလ ၃၀ ရက်အထိ ၆ လ ဖြေလျော့ကောက်ခံ သွားမည်ဖြစ်ပါကြောင်း။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများကို အဓိက ရေးဆွဲပါကြောင်း၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲသည့်နေရာတွင် ယခုနှစ်အတွင်း မြို့ပေါင်း ၂၁ မြို့၏ စီမံကိန်းများ ရေးဆွဲနိုင်ခဲ့သည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မြို့ပြဖွံ့ဖြိုးရေးကိစ္စများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိမ်ရာများ ဖော်ဆောင်မှု အနေဖြင့် စတုတ္ထ (၁) နှစ်တာကာလအတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း အခန်းပေါင်း ၁၁၄၄ ခန်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အခန်းပေါင်း ၆၇၆ ခန်း အကောင်အထည်ဖော် တည်ဆောက်ပေးနိုင် ခဲ့ပါကြောင်း၊ ဝန်ထမ်းအိမ်ရာအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခန်းပေါင်း ၂၅၃၈ ခန်း တည်ဆောက်ပေးနိုင်ခဲ့ပါ ကြောင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ဝန်ထမ်းအငှားအိမ်ရာ အခန်းပေါင်း ၆၇၆ ခန်း တည်ဆောက်ပြီး ဝန်ထမ်းများကို နေရာချထားပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ကိုရီးယားနိုင်ငံ Land and Housing Corporation(LH) နှင့် ပူးပေါင်းကာ Korea Myanmar Industrial Complex(KMIC) ကို ဆောင်ရွက်နေပါကြောင်း။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်လမ်းမိုင်ပေါင်း ၅၅၀၀၀ ကျော် ရှိသည့်အနက် ၂၀၃၀ ပြည့်နှစ်တွင် ရာခိုင်နှုန်းအားဖြင့် ၉၀ ရာခိုင်နှုန်းကို ရာသီမရွေးလမ်း၊ ကတ္တရာလမ်း/ကွန်ကရစ်လမ်းများအဖြစ် ဆောင်ရွက်ရန်အတွက် Class A-B-C ခွဲကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်က နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူး မိန့်ခွန်းတွင် ကျေးလက်လမ်းမိုင်ပေါင်း ၆၀၀ ခန့် ဖောက်လုပ်ပေးမည်ဟု ပြောကြားခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ ပြောကြားမှုအပေါ် ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်လမ်း ၄၆၄ မိုင်နှင့် ဂဝံလမ်း ၁၀၆၈ မိုင် စုစုပေါင်း ၁၅၃၂ မိုင်၊ ထို့အတူ ကွန်ကရစ်လမ်းနှင့် ကတ္တရာလမ်း မိုင်ပေါင်း ၁၆၀၀ ဆောင်ရွက်ပေးရန် ညွှန်ကြားမှု အပေါ် လမ်းမိုင်ပေါင်း ၂၂၅၇ မိုင် ဆောင်ရွက်ပြီးစီးခဲ့သည့်အတွက် လျာထားချက်ထက် လမ်းမိုင် ၆၅၇ မိုင် ပိုမိုဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စတုတ္ထ (၁) နှစ်တာအတွင်း ကွန်ကရစ် တံတား အစင်း ၅၄၀ ၊ သစ်သားတံတား ၂၂ စင်း၊ ဘေလီကြိုးတံတား ၁၇ စင်း၊ ရေကျော်ကြိုး တံတားပေါင်း ၈၆ စင်းနှင့် Box Culvert စင်းရေ ၁၄၁၀ ကို တည်ဆောက်နိုင်ခဲ့ပါကြောင်း။
ဝန်ကြီးဌာနရှိ ဦးစီးဌာန ၅ ခုအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် လမ်း၊ တံတားနှင့် မြို့ပြအိမ်ရာများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက နိုင်ငံတကာချေးငွေဖြင့် တည်ဆောက်မည့် ဂွ - ငါးသိုင်းချောင်း ပင်လယ်ကမ်းခြေပတ်လမ်းစီမံကိန်း နှင့်စပ်လျဉ်း၍ မေးမြန်းရာ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ပုသိမ်ငရုတ်ကောင်းမှ ဂွအထိ မိုင် ၁၀၀ ရှည်သည့် ကမ်းခြေပတ် လမ်းဆောင်ရွက်ရန် ရှိပါကြောင်း၊ အဆိုပါလမ်းပြီးစီးပါက ဟိုတယ်ဇုန်များ ထပ်မံပေါ်ပေါက် လာမည်ဖြစ်ကြောင်း၊ ၎င်းလမ်း မိုင် ၁၀၀ ကို ၂၄ ပေ ကွန်ကရစ်လမ်း ဖောက်လုပ်မည်ဖြစ်ပြီး ယင်းလမ်းပေါ်ရှိ မြေဧက တစ်သောင်းကျော်အနက် ကမ်းခြေနှင့် နီးကပ်သောနေရာများ၌ ဟိုတယ်ဇုန် တည်ဆောက်ခွင့်ပြုမည်ဖြစ်ပြီး ကမ်းခြေနှင့် ဝေးသောနေရာများတွင် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုဇုန်ဧရိယာအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ထို့ပြင် ၎င်းလမ်းမကြီးနှင့်စပ်ဆက်လျက်ရှိသည့် တောင်ကုန်းနေရာများတွင် ပင်လယ်ကို အပေါ်စီးမှ မြင်ရသည့် အပန်းဖြေမြို့များ တည်ဆောက်ရန် စီမံကိန်းရေးဆွဲထားပါကြောင်း၊ ယင်းစီမံကိန်းကို ဆောင်ရွက်ရန်အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းထားပါကြောင်း၊ လမ်းဖောက်လုပ်ပြီးစီးပါက ဇုန်အလိုက် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ရှင်း လင်းဖြေကြားသည်။
ဆက်လက်၍ သတင်းမီဒီယာများက နေပြည်တော်တွင် အငြိမ်းစားဝန်ထမ်းများအတွက် အငှားအိမ်ရာများ ဆောင်ရွက်ပေးနေမှု၊ အခန်းများ ဆောက်လုပ်ပြီးစီးမှုနှင့် ငှားရမ်းမှု ပုံစံ၊ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူများကို လှဖိုးခေါင်စခန်းတွင် ယာယီနေရာ ချထားပေးရန် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ မြစ်ကြီးနား - ဆွမ်ပရာဘွန်လမ်း ဆောင်ရွက်နေမှုအခြေအနေ၊ ရခိုင်ပြည်နယ်တွင် လမ်း၊ တံတား တည် ဆောက်ရေး လုပ်ငန်းများ ပုံမှန်လည်ပတ်မှုအခြေအနေ၊ ဖမ်းဆီးခံရသည့် ဆောက်လုပ်ရေး ဝန်ထမ်းများ ပြန်လည်လွှတ်မြောက်မှု အခြေအနေ၊ ပလက်ဝတံတားဖွင့်လှစ်မည့် အချိန်ကာလ၊ one belt, one road စီမံကိန်းတွင် ဝန်ကြီးဌာနအနေဖြင့် ပါဝင်ဆောင်ရွက်နေမှု၊ တိုက်ပွဲများကြောင့် လမ်း၊ တံတားများနှင့် ဆောက်လုပ်ရေး စက်ယန္တရားများထိခိုက်ပျက်စီးခဲ့မှု ရှိ/မရှိ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများအတွက် အိမ်ယာများဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့်စပ်လျဉ်း၍ မေးမြန်းကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
(သတင်းစဉ်)


