နေပြည်တော်  ၁၅ ဇွန်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်း များတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၃ ရက်တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ မိုင်းယု(ကုန်စုံ)၊ မိုင်းယုလေး၊ နမ့်ဖက်ကာနှစ်ခြင်းအသင်းတော်နှင့် နမ့်ဖက်ကာနယ်မြေလေး စုစုပေါင်း IDP စခန်း(၄)ခုသို့ သွားရောက်၍ Hand Speaker (၄)ခုနှင့် ကိုဗစ်-၁၉ အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၄)ခုတို့အား သွားရောက် ထောက်ပံ့ခဲ့သည်။

အလားတူ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကန်စောက်ဘုန်းကြီးကျောင်း၊ တောင်မင်း ဘုန်းကြီးကျောင်း၊ ဝါးတောင်တိုက်ပွဲရှောင်စခန်း၊ ညောင်ချောင်းကျေးရွာ အရှေ့ဘက် ကျေးရွာပိုင်ဘုံမြေနေရာ၊ မြို့နယ်သာသနာ့ဗိမာန်၊ ခရစ်တော်အသင်းကျောင်း၏ ကျမ်းစာကျောင်း၊ မြို့မ(အ.မ.က)စာသင်ကျောင်း၊ မဟာကံကြီး သျှင်ဘုရား၊ မြို့သစ်ရပ်ကွက် နေပူခံတိုက်ပွဲရှောင်စခန်း၊ ပြည်တော်သာရပ်ကွက်ရှိ (အ.ထ.က)စာသင်ကျောင်း၊ မြို့သစ် ရပ်ကွက်ရှိ အ.မ.က(၃)စာသင်ကျောင်း၊ မြို့မရွှေကျောင်း စုစုပေါင်း ယာယီတိုက်ပွဲရှောင်နေရာ (၁၂)ခုသို့ သွားရောက်၍ ဆပ်ပြာ (၁၁၃၆၈)တောင့်၊ အဝတ် Mask (၁၁၃၆၈)ခု၊ လက်သန့်ဆေးရည်ဘူး (၄၉၈၈)ဘူး၊ Hand Speaker (၁၂)ခု၊ အပူချိန်တိုင်းကိရိယာ(၁၂)ခု၊ ကိုဗစ်-၁၉ အသိပညာပေးအသံဖိုင်ထည့်သွင်းထားသော Memory Stick (၁၂)ခုနှင့် ဗီနိုင်း(၁၂)ချပ်တို့အား သွားရောက်ထောက်ပံ့ခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊    အသိပေး နှိုးဆော်ခြင်း လုပ်ငန်းများနှင့်   စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်