နေပြည်တော် ၁၅ ဇွန်
ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် တို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှု နှင့်စပ်လျဉ်း၍ ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း က မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေကြေးတည်ငြိမ်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံ၏ စီးပွားရေးနှင့် လိုက်လျောညီထွေမှုရှိသည့် သီးသန့်ငွေကြေး ပမာဏကို ရည်မှန်းသတ်မှတ်၍ ငွေကြေးမူဝါဒမူဘောင်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ငွေကြေး မူဝါဒ နည်းလမ်းများအနေဖြင့် ရည်မှန်းသတ်မှတ်ထား သည့် သီးသန့်ငွေကြေး ပမာဏကို ရရှိရန် အတိုးနှုန်းမူဝါဒချမှတ်ခြင်း၊ ဘဏ်များအနေဖြင့် ဗဟိုဘဏ်တွင် ထားရှိရမည့် အနည်း ဆုံး သီးသန့်ငွေ၏ လိုအပ်ချက် (Minimum Reserve Requirement) ကို သတ်မှတ်ခြင်းနှင့် ငွေရေးကြေးရေးစျေးကွက်တွင် အရောင်းအဝယ် ပြုလုပ်ခြင်း (Open Market Operations) စသည့် ငွေကြေးမူဝါဒ နည်းလမ်းများကို ကျင့်သုံး ဆောင်ရွက်လျက်ရှိပါကြောင်း။
အတိုးနှုန်းမူဝါဒ (Interest Rate Policy) ချမှတ်ခြင်းကို စီးပွားရေးလုပ်ဆောင်နိုင်မှုကို မြှင်တင်ပေးနိုင်ရန်နှင့် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များအား လှုံ့ဆော်ပေးနိုင်ရန် အတွက် ၂၀၂၀ ပြည့်နှစ်အတွင်း ဗဟိုဘဏ်၏ အတိုးနှုန်းကို တစ်နှစ်လျှင် ၇ ဒသမ ၀ ရာခိုင်နှုန်း မှ ၃ ဒသမ ၀ ရာခိုင်နှုန်းအထိ လျော့ချခဲ့ပါကြောင်း၊ အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံး အတိုးနှုန်းကို ၅ ဒသမ ၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပြီး ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် အာမခံပစ္စည်းများရယူ၍ ထုတ်ချေးသည့် ချေးငွေများအပေါ်တွင် တောင်းခံနိုင်သည့် အများဆုံး အတိုးနှုန်းကို ၁၀ ရာခိုင်နှုန်းအထိ လျော့ချခဲ့ပါကြောင်း။
အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက် (Minimum Reserve Requirement) သတ်မှတ် ခြင်းအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ် ဖြစ်ပေါ်လျက်ရှိသော လက်ရှိအခြေအနေအရ ပြည်တွင်းငွေရေးကြေးရေးကဏ္ဍတွင် လုံလောက်သည့် ငွေဖြစ်လွယ်မှု ရှိနေစေရန်အတွက် မြန်မာကျပ်ငွေဖြင့် ဘဏ်များမှ ထားရှိရမည့် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက်ကို ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ လျော့ချခဲ့ပါကြောင်း၊ ငွေရေးကြေးရေးစျေးကွက်တွင် အရောင်းအဝယ်ပြုလုပ်ခြင်း နှင့်စပ်လျဉ်း၍ အပ်ငွေလေလံ (Deposit Auction) နှင့် ချေးငွေလေလံ (Credit Auction) ခေါ်ယူခြင်း၊ အစိုးရငွေတိုက် လက်မှတ်များနှင့် အစိုးရငွေတိုက်စာချုပ်များအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်း (Treasury Bills and Treasury Bonds Auction)နှင့် ဘဏ်အချင်းချင်း ရောင်းဝယ်သည့် နိုင်ငံခြားငွေ စျေးကွက် (Interbank FX Market) တွင် ဝင်ရောက် ရောင်း/ဝယ်ခြင်း (FX Intervention) တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ မှစတင်၍ အပ်ငွေလေလံကို (၂)ပတ်လျှင် တစ်ကြိမ် ခေါ်ယူ ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ဘဏ်များ၏ ငွေကြေးလွယ်ကူမှုကို အထောက်အကူပြုစေရန် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၆ ရက်မှစတင်၍ အပ်ငွေလေလံခေါ်ယူခြင်းကို ယာယီရပ်ဆိုင်းထားပါကြောင်း။
မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား တရားမဝင်ငွေလွှဲလုပ်ငန်းများ လျော့နည်းပြီး တရားဝင်ငွေလွှဲ လုပ်ငန်းများတိုးတက်လာစေရန် ရည်ရွယ်၍ ပြည်ပငွေလွှဲလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ စည်းမျဉ်းကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ပြည်တွင်း၌ နေထိုင်သူ နိုင်ငံခြားသားနှင့် ပြည်ပတွင် နေထိုင်သူ နိုင်ငံခြားသားများကို ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများအား ရောင်းဝယ်ခွင့်ပြုရန် ရည်ရွယ်၍ ဘဏ်များမှ လိုက်နာ ဆောင်ရွက်ရမည့်အချက်များ နှင့်စပ်လျဉ်းသည့် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ဒစ်ဂျစ်တယ် ပုံစံတစ်မျိုးမျိုးဖြင့်ရှိနေသည့်ငွေကြေး (Digital Currency) များအား နိုင်ငံတော် အတွင်း၌ ပြည်သူများအနေဖြင့် သုံးစွဲခြင်း၊ အရောင်းအဝယ်ပြု လုပ်ခြင်းတို့ကြောင့် ပေါ်ပေါက် လာမည့် ငွေကြေးဆုံးရှုံးမှုအန္တရာယ်ကို ကာကွယ်တားဆီးနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် မေလ (၁၅) ရက်တွင် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခဲ့ပါကြောင်း။
ပုဂ္ဂလိကဘဏ်များနှင့် ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်ခွင့်ပြုခြင်းအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် အများပြည်သူများ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို လွယ်ကူစွာရရှိနိုင်စေရန် ပုဂ္ဂလိကဘဏ်များနှင့် ၎င်းတို့၏ ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်ခွင့်ပြုခဲ့ရာ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ ပုဂ္ဂလိကဘဏ် (၂၇) ခု နှင့် ဘဏ်ခွဲပေါင်း (၁၉၃၁) ခုအထိ တိုးချဲ့ဖွင့်လှစ်ခွင့် ပြုခဲ့ပါကြောင်း။
နိုင်ငံခြားဘဏ် ဘဏ်ခွဲများ ဖွင့်လှစ်ခြင်းအနေဖြင့် မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြားလာသည်နှင့်အမျှ ဘဏ်လုပ်ငန်းများ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်စေရန်အတွက် ၂၀၁၅ ခုနှစ် ဧပြီလမှစတင်၍ နိုင်ငံခြားဘဏ် ဘဏ်ခွဲ စုစုပေါင်း (၁၃) ခုဖွင့်လှစ်၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများပေးလျက် ရှိပါကြောင်း၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲများအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစတင်၍ ပြည် တွင်းဘဏ်များနှင့် (၃၅) ရာခိုင်နှုန်းထက် ကျော်လွန်၍ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းကို ကိစ္စရပ်တစ်ခုချင်း အလိုက် ခွင့်ပြုပေးရေးအတွက် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ တတိယအကြိမ် နိုင်ငံခြား ဘဏ်ရွေးချယ်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလ ၉ ရက်တွင် နိုင်ငံခြားဘဏ်ခွဲ (၇) ခုကို နိုင်ငံခြားဘဏ်ခွဲများ (Branches)အပြင် နိုင်ငံခြားဘဏ်များ၏ လက်အောက်ခံဘဏ်များ(Subsidiaries) အဖြစ် လုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း။
ဘဏ် မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများ ဖွင့်လှစ်ခြင်းအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ချေးငွေလိုအပ်နေသော လုပ်ငန်းရှင်များနှင့် အများပြည်သူသို့ တစ်ဖက်တစ်လမ်းမှ ချေးငွေပံ့ပိုးပေးနိုင်ပြီး ငွေရေးကြေးရေးတွင် အလုံးစုံပါဝင်မှုကို တိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများ (Non-Bank Financial Institutions - NBFIs) တည်ထောင်ခွင့်ပြုလျက်ရှိရာ ယခုအခါ NBFIs (၂၉) ခုကို တည်ထောင် ခွင့်ပြုခဲ့ပါကြောင်း။
မိုဘိုင်းဘဏ်လုပ်ငန်းနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ဖွင့်လှစ်ခြင်း အနေဖြင့် ဘဏ်ခွဲ ဖွင့်လှစ်နိုင်ခြင်းမရှိသည့် နေရာများတွင် ၎င်းကိုယ်စားလှယ် (agent) များမှ တစ်ဆင့် ဘဏ်လုပ်ငန်းကို မိုဘိုင်းနည်းပညာအသုံးပြု၍ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ ပုဂ္ဂလိကဘဏ် (၁၂) ဘဏ်ကို မိုဘိုင်းဘဏ်လုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုခဲ့ပါကြောင်း၊ ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းကို ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့ အစည်းများအပြင် မိုဘိုင်းကွန်ရက်အော်ပရေတာများကပါ ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရန် မိုဘိုင်းကွန်ရက်အော်ပရေ တာ (၄)ခုနှင့် ဘဏ် မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်း (၁)ခုတို့ကို ဆောင်ရွက်ခွင့်ပြု ခဲ့ပါကြောင်း။
ဘဏ်များကြီးကြပ်စစ်ဆေးရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေနှင့် စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ဘဏ်များသို့ သွားရောက်စစ်ဆေးခြင်း (On-site Examination and Inspection)နှင့် ဘဏ်များမှ ပေးပို့လာသော အစီရင်ခံစာ (Report) များကို စိစစ်သုံးသပ်ခြင်း (Off-site Monitoring) တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘဏ်များကို ကြီးကြပ်စစ်ဆေးသည့်အခါ ယခင်က ဥပဒေ၊ အမိန့်၊ စည်း မျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များ လိုက်နာမှု ရှိ/မရှိ (Compliance -based) အခြေခံ၍ စစ်ဆေးခဲ့ပါကြောင်း၊ ဘဏ်လုပ်ငန်းကဏ္ဍမှ ချေးငွေရယူနိုင်မည့် အခွင့် အလမ်း ပိုမိုမြင့်မားလာစေရန်၊ အထူးသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် လိုအပ်သည့်ချေးငွေကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ချေးငွေရရှိနိုင်မှုအဆင့် ပို၍ကောင်းမွန်လာပြီး အဆင့်သတ်မှတ်ချက် မြင့်တက်လာစေရန် ချေးငွေသတင်း အချက်အလက်အစီရင်ခံခြင်း စနစ်ဆိုင်ရာ စည်းမျဉ်းကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ချေးငွေသတင်း အချက်အလက်ဌာနအား တည်ထောင်ဆောင်ရွက်ခွင့်ပြုခဲ့ရာ ငွေရေးကြေးရေး အဖွဲ့အစည်းများအကြား ချေးငွေရယူထားသူများ၏ ကြွေးမြီနှင့်ပေးရန် တာဝန်များကို ဖလှယ် ရယူနိုင်ပြီး Concentration Risk ကို လျော့ချနိုင်မည်ဖြစ်ပါကြောင်း။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်နေမှုအနေဖြင့် မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍတွင် ဘဏ်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများကို အသုံးပြု၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများ မပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဗဟိုဘဏ်၏ ကြပ်မတ်ကွပ်ကဲမှုအောက်ရှိ ဘဏ်များ၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု ပေးသူများ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက် ဖျက်ရေးဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များ နှင့်အညီ လိုက်နာဆောင်ရွက်စေရေးအတွက် ကြပ်မတ်ကွပ်ကဲခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းနှင့် ဘဏ်များအတွက် AML/CFT ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးအစီအစဉ်များ ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါကြောင်း။
ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေရေးကြေးရေးတည်ငြိမ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန် လုံခြုံထိရောက်ပြီး အားလုံးပါဝင်နိုင်သည့် ငွေပေး ချေမှု စနစ်တစ်ရပ် တည်ထောင်နိုင်ရန်အတွက် ကမ္ဘာ့ဘဏ် (World Bank-WB)၏ အကူအညီ ဖြင့် National Payment System Strategy (2020-2025) တစ်ရပ်ကိုချမှတ်ခဲ့ပြီး ငွေပေးချေမှု စနစ်တစ်ရပ်လုံး စနစ်တကျ တိုးတက်ဖွံ့ဖြိုးနိုင်စေရန်အတွက် လိုအပ်လျက် ရှိသည့် Legal Framework ဖြင့် နိုင်ငံတော်ငွေပေးချေမှု စနစ်ဥပဒေမူကြမ်းကိုလည်း ရေးဆွဲလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စာရင်းအင်းကိန်းဂဏန်းအချက်အလက်များ ထုတ်ပြန် ပေးခြင်းအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ငွေရေး ကြေးရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအား အများပြည်သူသိရှိနိုင်ရေးအတွက် နှစ်စဉ် ဘဏ္ဍာရေးနှစ်ချုပ် အစီရင်ခံစာ (Annual Report)၊ (၃)လပတ် ငွေရေးကြေးရေး စာရင်းအင်း အချက်အလက်များစာစောင် (Quarterly Financial Statistics Bulletin)နှင့် ငွေကြေးမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာ (Monetary Policy Report) များအားထုတ်ဝေလျက်ရှိပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ website “www.cbm.gov.mm” တွင် ဖော်ပြထားပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အဓိက ရည်မှန်းချက်နှင့်အညီ ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှင်သန်သော စီးပွားရေး ဖွံ့ဖြိုးမှု ရရှိစေရန် နိုင်ငံတော်အစိုးရ၏ အထွေထွေ စီးပွားရေးမူဝါဒများကို အထောက်အကူပြုရေး စသည့် ရည်ရွယ်ချက်များကို ထိရောက်အောင်မြင်စေရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက ပြည်နယ်အချို့ရှိ လောင်းကစားရုံအချို့တွင် Digital Currency သုံးစွဲနေမှုများ နှင့်စပ်လျဉ်း၍ မေးမြန်းရာ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အရေးယူ ဆောင်ရွက်နေမှုများနှင့် ကြီးကြပ်ဆောင်ရွက်နေမှုများ ရှိပါကြောင်း၊ Digital Online စနစ်ဖြင့် ငွေကြေးသုံးစွဲနေမှုများကို တွေ့ရှိပါက ယင်း Process များတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် ပါဝင်သူများကို ခေါ်ယူတွေ့ဆုံမေးမြန်းခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ အရေးယူဆောင်ရွက်မှုများရှိပြီး ထောင်ဒဏ်ချမှတ်ခြင်းနှင့် ဒဏ်ကြေးငွေများပေး ဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲပါကြောင်း ဖြေကြားသည်။
အလားတူ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းက Cryptocurrency, Digital ပုံစံတစ်မျိုးမျိုးနှင့်ရှိနေသည့် Currency သည် တရားဝင်ငွေကြေး မဟုတ်ကြောင်း၊ ယင်းကို အွန်လိုင်း သို့မဟုတ် မိမိအတွက်ဖြစ်စေ၊ အများအတွက်ဝန်ဆောင်မှု ပေးခြင်းဖြစ်စေ ဆောင်ရွက်ပါက ငွေကြေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေရှိသည့်အတွက် ဗဟိုဘဏ် အနေဖြင့် ၂၀၁၉ ခုနှစ် မေလတွင် ယင်းနှင့်သက်ဆိုင်သည့် ကြေညာချက်များကို နိုင်ငံပိုင် မီဒီယာများမှတဆင့် ထုတ်ပြန်ခဲ့ပါကြောင်း၊ ထို့ပြင် ယင်းနှင့်စပ်လျဉ်း၍ ပိုမိုစည်းနှောင်အား ရှိစေရန် အမိန့်ကြေညာစာထုတ်ပြန်ခဲ့ပါကြောင်း၊ အမိန့်ကြေညာစာတွင် Digital Currency နိုင်ငံခြားငွေကြေးဖြင့် အရောင်းအဝယ်လုပ်ပါက Foreign Exchange Management Law 38 နှင့်အရေးယူ၍ ရသကဲ့သို့ Bitcoin သို့မဟုတ် Digital Currency များကို လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားငွေ မဟုတ်ဘဲ ကျပ်ငွေဖြင့် အရောင်းအဝယ်လုပ်ပါက ငွေရေးကြေးရေးအဖွဲ့အစည်း ဉပဒေ ၁၅၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက်သည့်အတွက် ဥပဒေပုဒ်မ ၁၇၁ နှင့် အရေးယူ၍ ရပါကြောင်း၊ ထို့ကြောင့် Digital Currency နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တိုက်ရိုက်တိုင်ကြားမှုနှင့် တရားဉပဒေစိုးမိုးရေးအဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ Report တို့အရ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေးယူဆောင်ရွက်ရာ၌ ဆက်စပ်မှုအပေါ် မူတည်ပြီး လောင်းကစား သို့မဟုတ် တခြားပုံစံတစ်မျိုးမျိုးဖြင့် ဆောင်ရွက်သည်ကို တွေ့ရှိရပါက အရေးယူ၍ရပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ သတင်းမီဒီယာများက ယခုအစိုးရသက်တမ်းအတွင်း ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူများ ထပ်မံထုတ်ဝေမည့်အစီအစဉ်၊ ဗိုလ်ချုပ်ရုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူ များ ထုတ်ဝေနေသည့် အစီအစဉ်၊ ကိုဗစ်-၁၉ ကာလတွင် အမေရိကန်ဒေါ်လာဈေးနှုန်း တည်ရှိမှုအခြေအနေ၊ ကိုဗစ်-၁၉ ကြောင့် နိုင်ငံခြားဘဏ်ခွဲများ သတ်မှတ်ချိန်အတွင်း ဖွင့်လှစ်နိုင်မှု အခြေအနေ၊ ငွေကြေးခဝါချမှုကြောင့် ဗဟိုဘဏ်အနေဖြင့် အရေးယူမှုအခြေအနေ၊ Digital Currency များ တရားမဝင်သုံးစွဲမှုနှင့် ပတ်သက်၍ ကြီးကြပ်ဆောင်ရွက်မှု အခြေအနေ၊ ငွေပေး ချေမှုကို QR စနစ်ဖြင့် ဖော်ဆောင်နေမှုအခြေအနေ၊ ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းဖြေလျှော့ မှုအခြေအနေ၊ ပြည်တွင်း ဘဏ်အသစ် လျှောက်ထားမှုနှင့် နိုင်ငံခြားဘဏ်များ ခွင့်ပြုပေးနေမှု အခြေအနေ၊ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေဖြင့် ဖြည့်ဆည်းခြင်း ဆောင်ရွက်နေမှုအခြေအနေ တို့နှင့်စပ်လျဉ်း၍ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့ မှုများနှင့် ပတ်သက်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တို့၏ သတင်းစာရှင်း လင်းပွဲကို ဇွန် ၁၇ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။
(ဟန်မျိုးစိုး၊ ကေတာ)


