မကွေး ၁၅ ဇွန်
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကတိသစ္စာ မပြုရသေးသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးသက်နိုင်နှင့် ဗိုလ်ကြီး ဇင်မင်းထွန်းတို့က ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ကမ္ဘာ့ဘဏ်မှ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကူညီထောက်ပံ့ပေးမည့် ငွေများဖြင့် ထပ်မံဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး လွှတ်တော်က အတည်ပြု ပေးနိုင်ပါရန် တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိ သဘောတူသည့်အတွက် လွှတ်တော်က သဘောတူအတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ယနေ့ အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၉)ခုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၇)ဦးတို့က မေးမြန်းခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာ ရန်ပုံငွေခွဲဝေသုံးစွဲရေး ဉပဒေကြမ်းကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာ အဆိုပါ ဉပဒေကြမ်းနှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် ဇွန် ၁၇ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်(၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)