နေပြည်တော် ၁၅ ဇွန်
အသက်အန္တရာယ်အကာအကွယ်ပေးနိုင်သည့် အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီး ဦးထုပ်များ အသုံးပြုရေးနှင့် ပြည်သူများနားလည်လက်ခံပြီး အသုံးပြုကြစေ ရေးတို့အတွက် ရည်ရွယ်ကျင်းပသည့် UNECE Regulation no.22 (Safety Helmets) အကောင် အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅) အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ၊ စီမံခန့်ခွဲရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က အမျိုးသားယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ၏ ၂၀၂ဝခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရနှုန်းများ လျော့နည်း ကျဆင်းစေရေး ရည်မှန်းချက်များ၊ UNECE Regulation no.22 (Safety Helmets) လက်တွေ့ ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက် ရေး၊ မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းရာတွင် အသုံးပြုသည့် ဦးထုပ်များ၏ အရည် အသွေးပြည့်မီစေရေး၊ နိုင်ငံအတွင်း ဦးခေါင်းပြင်းထန် ထိခိုက်မှုအန္တရာယ်မှ အကာအကွယ်ပေးပြီး သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ဆိုင်ကယ်ဦးထုပ် Standard ထွက်ပေါ်လာစေရေးနှင့် လက်တွေ့ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် ဆက်စပ်အစိုးရဌာနအဖွဲ့အစည်းများ၏ အခန်းကဏ္ဍများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အမျိုးသားယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၊ စီမံခန့်ခွဲရေး ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က လမ်းဦးစီးဌာနအနေဖြင့် ဆိုင်ကယ်လမ်းနှင့် ပတ်သက်၍ မတော်တဆထိခိုက် မှုများ လျော့နည်းစေရေးအတွက် ဆောင်ရွက်ချက်များ၊ ကျေးလက်ဒေသများတွင် ဆိုင်ကယ်စီးဦးထုပ်အသုံးပြုရေးအတွက် ပညာပေးခြင်းနှင့် သတိပေးဆိုင်းဘုတ် တပ်ဆင်ခြင်း ဆောင်ရွက်ချက်များ၊ အဓိကလမ်းမ ကြီးများနှင့် မြို့တွင်းဝင်သည့် လမ်းမကြီးများတွင် ဆိုင်ကယ်လမ်းသီးသန့်သတ်မှတ်ပေးရန် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက် ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ လမ်းနှင့်ပတ်သက်သည့် အခြေခံ အဆောက်အဦ များ စံချိန်စံညွှန်းနှင့် ကိုက်ညီစေရန် ဆောင်ရွက်ထားမှု အခြေအနေတို့ကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် စီမံခန့်ခွဲရေးဆပ်ကော်မတီ အတွင်းရေးမှူး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦး က UNECE Regulation no.22 (Safety Helmets) ကို မြန်မာနိုင်ငံတွင် စတင်အကောင်အထည်ဖော်ကျင့်သုံး နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင် ထူးတို့က UNECE Regulation no.22 (Safety Helmets) အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူ များအနေဖြင့် အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ အသုံးပြုလာစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ဆိုင်ကယ်စီးဦးထုပ် တင်သွင်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေး တို့နှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန် ရှိသူများက UNECE Regulation no.22 (Safety Helmets) အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ စေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြု ဆွေးနွေးကြရာ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)


