ဆစ်ဒနီ ၁၅ ဇွန်
ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ကျောင်းသားအချို့၌ ကိုဗစ် -၁၉ ကူးစက်ခံထားရကြောင်း တွေ့ရှိပြီးနောက် မူလတန်း ကျောင်းနှစ်ကျောင်းကို ပိတ်လိုက်ရကြောင်းသိရသည်။
စိန့်ဒေါမနစ်ကျောင်းမှ ကျောင်းသားနှစ်ဦးတွင် ကိုဗစ် -၁၉ ကူးစက်ခံထားရကြောင်း၊ ၎င်းတို့နှစ်ဦးထဲမှ တစ်ဦးမှာ ကျောင်းတက်နေစဉ်အတွင်း ရောဂါကူးစက်ခံထားရခြင်းဖြစ်ကြောင်း ဇွန် ၁၅ ရက်တွင် ကျန်းမာရေးနှင့် ဝန်ဆောင်မှုဌာနက အတည်ပြုပြောကြားသည်။ မေ ၂၆ ရက်မှ ဇွန် ၃ ရက်အထိ ကျောင်းတက်ခဲ့သော ကျောင်းသားများနှင့် ဆရာများကို ဆေးစစ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ကျောင်းတွင် သန့်ရှင်းရေးသေချာစွာ ပြုလုပ်ရန်နှင့် ရောဂါရှိသူနှင့် ထိတွေ့မိသူများကို ခြေရာခံလိုက်နိုင်ရေးအတွက် ကျောင်းကို သုံးရက်တာ ပိတ်သွားမည်ဟု သိရသည်။ ပက်ခဟမ်စပရင်း မူလတန်းကျောင်းတွင် ကျောင်းတက်နေသော တစ်မိသားစုတည်းမှ ကလေးနှစ်ဦးတွင် ကိုဗစ် -၁၉ ကူးစက်ခံထားရကြောင်း တွေ့ရှိရသည့်အတွက် ယင်းမူလတန်းကျောင်းကိုလည်း ပိတ်လိုက်ရသည်။
ရောဂါရှိသူများနှင့် ထိတွေ့မိသူများကို ခြေရာခံနိုင်ရေးဆောင်ရွက်နေစဉ် ကျောင်းသားများနှင့် ဆရာများသည် နေအိမ်၌သာ နေရမည်ဟု သိရသည်။ ဗစ်တိုးရီးယား ပြည်နယ်တွင်လည်း ဇွန် ၁၅ ရက်က ကိုဗစ် -၁၉ နောက်ထပ် ကူးစက်ခံရသူ ၁၂ ဦး ထပ်မံတွေ့ရှိခဲ့ရသည်။ ကျောင်းသားများအကြား ကူးစက်ခံရမှုမှာ မဲလ်ဘုန်းမြို့မြောက်ပိုင်း နှင့် အရှေ့တောင်ပိုင်းရှိ ဆင်ခြေဖုံးရပ်ကွက်နေ မိသားစုနှင့် ဆက်စပ်မှုရှိကြောင်းသိရသည်။ နောက်ထပ်ကူးစက်ခံရသူမှာ ကျန်းမာရေးလုပ်သားတစ်ဦးဖြစ်ပြီး ယခုအခါ လူနာနှင့် ထိတွေ့မှုရှိခဲ့သည့် ကျန်းမာရေးလုပ်သားများနှင့် လူနာများကို ခြေရာခံလိုက်နေကြောင်း သိရသည်။
ဇွန် ၆ ရက်က မဲလ်ဘုန်းမြို့ရှိ Black Lives Matter ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူအမျိုးသမီးမှာလည်း ကိုဗစ် -၁၉ ကူးစက်ခံထားရကြောင်းသိရသည်။ ကူးစက်ခံရခြင်း၏ အရင်းအမြစ်ကိုမူ ဆက်လက် စုံစမ်းဆဲဖြစ်သည်။
ဆင်ဟွာ