မင်းဘူး ၁၆   ဇွန်

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် နိဗ္ဗာန်ကျွန်းကျေးရွာမှ ကမ်းပြို ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက  မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနရုံး၌ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မင်းဘူး(စကု)မြို့နယ် နိဗ္ဗာန်ကျွန်းကျေးရွာတွင် ဇွန် ၁၂ ရက်က ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိမ်ထောင်စု ၆ စု ကြိုတင်ပြောင်းရွှေ့ခဲ့ရသည်။ အဆိုပါ ကမ်းပြိုဘေးသင့် အိမ်ထောင်စု ခြောက်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး တန်ဖိုးငွေကျပ် ၆၀၀၀၀ဝ နှင့် လူဉီးရေ ၂၇ ဉီးတို့အတွက် ဆန်ရိက္ခာ ၇ ရက်စာ တန်ဖိုးငွေကျပ် ၅၆၇၀ဝ စုစုပေါင်း ထောက်ပံ့ပေးအပ်ငွေကျပ် ၆၅၆၇၀ဝ တို့ကို မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းက ကမ်းပြို ဘေးသင့်ပြည်သူများအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါကျေးရွာတွင် အိမ်ထောင်စု ၂၂၁ စု ရှိပြီး ကမ်းပြိုဘေးသင့်ပြီး ပြောင်းရွှေ့အိမ်ထောင်စု ၄၈ စုရှိပြီး ထပ်မံပြောင်းရွှေ့ရမည့် အိမ်ထောင်စုများလည်းရှိကြောင်း၊ ကမ်းပြိုဘေးသင့်အိမ်ထောင်စုများ အနေဖြင့် မြေကွက်အသစ်သို့ ပြောင်းရွှေ့ရာတွင် မြေကွက်အသစ်ကို မိမိအစီအစဉ်ဖြင့် ပြန်လည် ရှာဖွေဝယ်ယူနေရသည့်အတွက် အခက်အခဲရှိကြောင်း၊ ကမ်းပြိုဘေးအန္တရာယ်မှ ကင်းဝေးစေရန် မြစ်ကြောင်းဖော်၊ သောင်တူး၊ ရေလမ်းကြောင်းလွှဲလုပ်ငန်းများကို သောင်တူးစက်ကြီးများဖြင့် နိဗ္ဗာန်ကျွန်းကျေးရွာအရှေ့ဘက် မြစ်အလယ်တွင် ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းရေလမ်းကြောင်းလွှဲ လုပ်ငန်းများပြီးစီးပါက မိမိတို့ကျေးရွာနှင့် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသော ကျေးရွာများ အနေဖြင့် ကမ်းပြိုဘေးအန္တရာယ်မှ ကင်းဝေးနိုင်မည်ဖြစ်ကြောင်း နိဗ္ဗာန်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ပြောသည်။

 

အဆိုပါကျေးရွာသည် ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိပြီး နှစ်စဉ်ကမ်းပြိုဘေးဒဏ်ကို ခံနေရကြောင်း၊ အဆိုပါကမ်းပြိုမှုများတွင် ပြောင်းရွှေ့ရသော ပြည်သူများအတွက် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနအနေဖြင့် နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ယခု ဇွန်လအထိ ထောက်ပံ့မှုများအပါအဝင် စုစုပေါင်းငွေကျပ် ၄၀၄၁၃၇၀ဝ ကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနမှ သိရသည်။

 

မောင်မောင်(မင်းဘူး)