မိုးညှင်း ၁၆ ဇွန်
ရာသီဥတုပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုနည်းပါးလာသဖြင့် မိုးရေကို စုဆောင်းထားပြီး လိုအပ်ချိန် တွင် ထုတ်ယူသုံးစွဲနိုင်ရန် မိုးရေစုကန်တည်ဆောက်ပြီး ယခုနှစ်အတွင်း သုတေနလုပ်ငန်းများနှင့် မျိုးသန့်ပွားများမှု လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုးညှင်းစိုက်ပျိုးရေး သုတေသန ဦးစီးဌာနမှ စိုက်ပျိုးရေးသုတေသနအရာရှိ ဦးမြင့်သောင်းက ပြောသည်။
ယခုဆောင်ရွက်လျက်ရှိသည့်မိုးရေစုကန်သည် မိုးညှင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနပိုင် လယ်ယာမြေ အတွင်း အလျားပေ(၅၀)၊ အနံပေ(၃၀)နှင့် အနက် ၆ ပေခန့်ရှိပြီး မိုးရွာသွန်းချိန်၊ မိုး ရေများကို စုဆောင်း ထားရှိပြီး လိုအပ်ချိန်တွင် ထုတ်ယူသုံးစွဲနိုင်ရန် ကြိုတင်ဆောင်ရွက်ထားခြင်းဖြစ်သည်။
“အဓိကတော့ ရာသီဥတုပြောင်းလဲလာလို့ကြိုတင်စီမံဆောင်ရွက်ထားတာ၊ မိုးကမနှစ်တုန်းကလည်း သိပ်မရွာဘူး၊ ဒီနှစ်လည်း အခုအချိန်အထိ မိုးရွာသွန်းရက်သိပ်မရှိသေးဘူး၊ဒါကြောင့် မိုးရွာရင် ရေကိုစုလို့ရအောင်လို့ အခုလိုတူးထားတာ”ဟု စိုက်ပျိုးရေးသုတေသနအရာရှိ ဦးမြင့်သောင်းက ပြောကြားသည်။
မိုးညှင်းမြို့ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာနသည် ကချင်ပြည်နယ်အတွင်းတစ်ခုတည်းသော စိုက်ပျိုးရေး သုတေသန ခြံဖြစ်ပြီး နှစ်စဉ် စပါးအပါအဝင် ပဲပုပ်၊မြေပဲစသည့်သီးနှံများကို သုတေသန ပြုလုပ်ခြင်းနှင့် မျိုးသန့်မျိုးပွားများ စိုက်ပျိုးထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒေသတွင်း မြို့နယ်များနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး၊ ထီးချိုင့် စသည့်မြို့နယ်များသို့ ဆင်းဧကရီ-၃ စပါးမျိုးသန့်များကို တောင်သူများထံ ဖြန့်ဖြူးပေးလျက်ရှိသည်။
မိုးညှင်းစိုက်ပျိုးရေး သုတေသနခြံမှ လယ်ဧက ၃၅ဧက၊ အကျိုးဆောင်တောင်သူ ၅ ဦး၏ လယ်ဧက ၅၀နှင့် မိုးညှင်းစိုက်ပျိုးရေး ဦးစီးဌာနသို့ ပူးပေါင်း၍ ဆင်းဧကရီ-၃စပါး မျိုးသန့်တင်း ၇၀ဝ၀ ခန့် ကို နှစ်စဉ် စပါးစိုက်တောင်သူများထံဖြန့်ဝေပေးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေး သုတေသနအရာရှိ ဦးမြင့်သောင်းထံမှ သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


