နမ့်ဆန် ၁၆ ဇွန်
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၌ ဆရာ ဆရာမများအား စတုတ္ထတန်း (Grade-4)သင်ရိုးသစ် ဆင့်ပွားသင်တန်းကို ဇွန် ၁၅ ရက် နံနက် ၉ နာရီက စတင်ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ကျောင်းဆရာ ဆရာမများအနေဖြင့် တာဝန်ကျရာ ကျောင်းများတွင် သင်ရိုးသစ်များကို စနစ်တကျ ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် ပြန်လည်သင်ကြားပို့ချနိုင်စေရန် ဖြစ်ပြီး ကိုဗစ်−၁၉ ကာလတွင် ရောဂါကာကွယ်သည့်အနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များက ကျောင်းအဝင်ဂိတ်၌ အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း ကို စနစ်တကျတပ်ဆင်ရန် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။ သင်တန်းခန်းမထဲမဝင်မီ လက်ကို စနစ်တကျဆေးကြော နိုင်ရန်လည်း လက်ဆေးရေပုံး၊ ဆပ်ပြာများကို အခန်းတိုင်းတွင် ပြင်ဆင်ပေးထားပြီး သင်တန်းချိန်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကြီးကြပ်ရေးလုပ်ငန်းကို မြို့နယ်ပညာရေးဌာန၊ ကျန်းမာရေးဝန်ထမ်းနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များက နေ့စဉ် အချိန်ပြည့်တာဝန်ယူ စောင့်ရှောက်ပေးလျက်ရှိသည်။
အဆိုပါ ဖွင့်လှစ်ပို့ချလျက်ရှိသည့် စတုတ္ထတန်း (Grade-4) သင်ရိုးသစ် သင်တန်းတွင် သင်တန်းသား ဆရာ ဆရာမ ၅၃၀၊ သင်တန်းနည်းပြ ၅၂ ဦး၊ ကြီးကြပ်ရေးအဖွဲ့ ၂၂ ဦးရှိပြီး သင်တန်းကို ဇွန် ၁၅ ရက်မှ ၂၁ ရက်အထိ ခုနစ်ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းပို့ချရာတွင် အဆင်ပြေစေရေးအတွက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဉက္ကဋ္ဌ ဦးဝင်းကျော်၊ ဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးတင့်ကျော်လွင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အောင်မိုး(နမ့်ဆန် ပြန်/ဆက်)


